ဆိုင်းတောင်ကျေးရွာကို KIA ပူးပေါင်းတပ်က အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်
********
ထွယ်
အောက်တိုဘာ ၈၊ ၂၀၂၄။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိုင်းတောင် (ဆိပ်မူ) ကျေးရွာရှိ Lucky Men Hotel တွင် ဝင်ရောက်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကချင်လွတ်မြောက်ရေးတပ်မတော်- KIA နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နယ်မြေရှင်းလင်းရေး ပြုလုပ်လျက်ရှိသည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ချုပ်- KIO ၏ ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးဦးနော်ဘူက သံလွင်ခက်ကို ပြောသည်။
“မနေ့ညကတည်းကနေ မနက်မိုးလင်းထိ ပစ်ကြတယ်။ အဲလိုပစ်ကြတော့ စစ်ကောင်စီတပ်သားတွေက ထွက်ပြေးကြတာနဲ့ လိုက်ရှာနေတာတွေ လုပ်နေတယ်။ အခု ပတ်ဝန်းကျင်ကိုတော့ ရှင်းလင်းရေး လုပ်နေတယ်” ဟု ၎င်းကပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် Lucky Men Hotel ကို စက်တင်ဘာ ၇ ရက်နေ့ကတည်းက ဝင်ရောက်တပ်စွဲခဲ့ခြင်းဖြစ်ပြီး တစ်လခန့်အကြာ ယနေ့နံနက်အစောပိုင်းတွင် KIA ပူးပေါင်းတပ်မှ အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းဖြစ်သည်။