မောင်လှိုင်း
နိုဝင်ဘာ ၂၀၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ် မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်ကို တရုတ်အာဏာပိုင်များ ယမန်နေ့ နံနက် အစောပိုင်းတွင် ပြန်လည်ဖွင့်ပေးခဲ့သည်ဟု မူဆယ်မြို့ ဒေသခံများထံက သိရသည်။
အဆိုပါ နယ်စပ်ဂိတ်ကို တရုတ်အာဏာပိုင်အဖွဲ့သည် ယခုနှစ် အောက်တိုဘာလ ၂၂ ရက်ကတည်းက ပိတ်လိုက်ခြင်းဖြစ်ပြီး တစ်လခန့်အကြာတွင် ပြန်လည်ဖွင့်ပေးခဲ့ခြင်း ဖြစ်သည်ဟု မူဆယ်ဒေသခံ အမျိုးသားတစ်ဦးက သံလွင်ခက်ကို ပြောသည်။
“ကျွန်တော်တို့ မြန်မာနိုင်ငံဘက်က ဆိုင်ကယ်နဲ့ ကုန်တင်တဲ့သူတွေ သူတို့အထဲမှာ အများကြီးပိတ်မိနေတာလေ။ သူတို့ကိုရှင်းထုတ်တဲ့သဘောအနေနဲ့ ယာယီခဏဖွင့်ထားတယ်လို့ ထင်ပါတယ်။ တရုတ်ဘက် တရားဝင်စာမကျမခြင်းတော့ သတ်မှတ်ယူလို့မရသေးဘူး” ဟု ပြောသည်။
နယ်စပ်ဂိတ် ပြန်လည်ဖွင့်ပေးချိန်တွင် တရုတ်ပြည် ကျယ်ဂေါင်မြို့၌ ပိတ်မိနေသည့် ကုန်စိမ်းကားနှင့် ကုန်ပစ္စည်းကား အချို့ကို မြန်မာနိုင်ငံသို့ သွားလာခွင့်ပြုသော်လည်း မြန်မာနိုင်ငံဘက်ခြမ်းက ကုန်ကားများကိုမူ တရုတ်နိုင်ငံသို့ ဝင်ရောက်သွားလာ ပို့ဆောင်ခွင့် မပြုကြောင်း ၎င်းက ဆက်ပြောသည်။
မြန်မာနိုင်ငံဘက်ခြမ်းက ကုန်ကားများ တရုတ်နိုင်ငံသို့ ဝင်ရောက်ခွင့် မရှိသော်လည်း ဆိုင်ကယ်များနှင့် ဝင်ရောက်ကာ စားသောက်ကုန်အချို့ကို သယ်ယူနိုင်သည်ဟု မူဆယ်ဒေသခံ အခြားသတင်းရင်းမြစ် တစ်ဦးက ပြောသည်။
“အများကြီးတော့ မဟုတ်ဘူးပေါ့နော် တနိုင်တပိုင်ဘဲ သယ်ယူခွင့်ပေးနေတာ။ ဟင်းသီးဟင်းရွက်၊ အာလူး၊ အဝတ်အထည် နည်းနည်းပါးပါးပေါ့။ အရင်တုန်းကလို ကီလိုနဲ့ချိန်ပြီးတော့ အများကြီး သယ်လို့မရဘူး။ အိမ်မှာစားလို့ လှောင်ထားတဲ့အဆင့်လောက်ဘဲ သူတို့သယ်ခွင့် ပြုပါတယ်” ဟု ပြောသည်။
ယမန်နေ့က တရုတ် – မြန်မာ နယ်စပ်၊ ဆင်ဖြူဂိတ် ပြန်လည်ပွင့်လာသော်လည်း မြန်မာနိုင်ငံဘက်ခြမ်းက အခြေခံစားသောက်ကုန်များနှင့် ကုန်ပစ္စည်းဈေးနှုန်းများမှာ ပြောင်းလဲသွားခြင်းမရှိဘဲ ဈေးနှုန်းမြင့်တက်နေဆဲ ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
ထိုပြင် တရုတ်အာဏာပိုင်များသည် လျှပ်စစ်နှင့် ဆက်စပ်ပစ္စည်းများဖြစ်သည့် မီးသီး၊ ဆိုလာပြားများနှင့် ဘက်ထရီ (Battery ) များအပါအဝင်၊ အိမ်သုံး ကုန်ပစ္စည်းများဖြစ်သည့် စောင်နှင့် အခြေခံစားသောက်ကုန်များကို အဆိုပါ ဆင်ဖြူဂိတ်မှ တစ်ဆင့် သယ်ယူပို့ဆောင်ခွင့် ပိတ်ပင်ထားသည်ဟု မူဆယ် ဒေသခံများက ပြောသည်။
တရုတ် – မြန်မာနယ်စပ် မူဆယ်မြို့နယ်တွင် ဆင်ဖြူဂိတ် အပါအဝင်၊ နန်းတော်ဂိတ်နှင့် မန့်ဝိန်းဂိတ်များ တည်ရှိပြီး ထို နှစ်ဂိတ်ကိုမူ တရုတ်အာဏာပိုင်များက ယနေ့ချိန်ထိ ပြန်လည်ဖွင့်လှစ်ပေးခြင်း မရှိသေးဘူးဟု သိရသည်။
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် မူဆယ် ၁၀၅ မိုင်ကို ၁၀၂၇ စစ်ဆင်ရေးအတွင်း မြောက်ပိုင်းညီနောင် မဟာမိတ် သုံးဖွဲ့ဖြစ်သည့် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် – TNLA အပါအဝင် အာရက္ခတပ်တော် – AAနှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် – MNDAA တို့က ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်ခဲ့သည်။
ပုံစာ။ ။ တရုတ် – မြန်မာ နယ်စပ် မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်