သံလွင်ခက်
ဒီဇင်ဘာ ၅၊ ၂၀၂၄။
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ တိုက်ပွဲအတွင်း ပိတ်မိနေသည့် ဒေသခံပြည်သူ အချို့ ယနေ့နံနက်ပိုင်းတွင် ဗန်းမော်မြို့တွင်းမှ ထွက်ခွာနိုင်ခဲ့သည်ဟု ဒေသခံများ၏ မိသားစုဝင်များထံက သိရသည်။
ဗန်းမော်မြို့ဒေသခံများသည် မြို့၏ တောင်ဘက်ပိုင်း ၅ မိုင်ခန့်တွင် ရှိသည့် ညောင်ပင်သာကျေးရွာ လမ်းပိုင်းမှ ထွက်ခဲ့ကြခြင်းဖြစ်သည်ဟု ဗန်းမော်ဒေသခံ အမျိုးသမီးတစ်ဦးက သံလွင်ခက်ကို ပြောသည်။
“မိသားစုတွေက ဒီမနက် ညောင်ပင်သာလမ်းကနေ တချို့ ထွက်လာကြပြီ။ ရှမ်းဝိုင်း၊ ကုက္ကိုတောဘက်မှာလည်း နေလို့ မရတော့ဘူးပြောတယ်။ တချို့က ရောဘတ်ဘုရားကျောင်းမှာ ရှောင်ကြတယ်” ဟု ပြောသည်။
ထို့ပြင် ဗန်းမော်မြို့ ဖန်းခါးကုန်းကျေးရွာ၊ ကုန်းမဟတ်ကျေးရွာ၊ ဟန်တဲကျေးရွာနှင့် ရွှေကျီးနား၊ နမ့်ဖားကျေးရွာအပြင် ၂ မိုင် အောင်သာနှင့် ၃ မိုင် ရွှေပြည်သာရှိ ဒေသခံများသည်လည်း ဗန်းမော်မြို့အတွင်းသို့ တိုက်ပွဲတိမ်းရှောင်လျက်ရှိသည်ဟု ဒေသခံများ၏ မိသားစုဝင်များထံက သိရသည်။
ဒေသခံ အချို့မှာ ယမန်နေ့ကတည်းက စက်လှေများဖြင့် ဧရာဝတီမြစ်တစ်ဖက်ကမ်းသို့ တိုက်ပွဲတိမ်းရှောင်နိုင်ခဲ့သော်လည်း အချို့မှာ မြို့တွင်း ပိတ်မိနေဆဲဖြစ်သည်။
အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ရှိသည့် ဗန်းမော်မြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် – KIA နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်တို့က ယမန်နေ့နံနက်အစောပိုင်းကပင် မြို့ပတ်လည်ကို ဝန်းရံပိတ်ဆို့ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တို့၏ ကာကင်းစခန်း နှစ်ခုကိုလည်း သိမ်းပိုက်ရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
ယမန်နေ့က စတင်ခဲ့သည့် ဗန်းမော်မြို့သိမ်းတိုက်ပွဲသည် ယနေ့ နံနက်အချိန်ထိ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်သည်ဟု ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးထံက သိရသည်။
ပုံ – ပုံဟောင်းဖြစ်သည်။