နန်းဆုပန်ခန့်
အော်တိုဘာ ၂၂၊၂၀၂၂။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ရွှေလှံကျေးရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စခန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဝင်ရောက် စီးနင်းမီးရှို့ခဲ့သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
ယမန်နေ့ ၄ နာရီခွဲ ၅ နာရီဝန်းကျင်ခန့်က ယင်းမာပင်မြို့နယ် ရွှေလှံရွာရှိ မုံရွာခရိုင်တပ်ရင်း – ၁၃ (အောင်ဆန်းမျိုးဆက်) ယာယီခေတ္တတည်းခိုရာနေရာကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည် ။
စကစဘက်မှ စစ်ယူနီဖောင်း ဝတ်ဆင်မထားဘဲ PDF အယောင်ဆောင်၍ ခန့်မှန်းအင်အား (၁၀၀) ခန့်ဖြင့် စီးနင်းပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုယင်းမာပင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တစ်ဦးက ပြောသည်။
“စီးနင်းခံရချိန် တပ်ဖွဲ့ဝင်တွေနားနေကြတာ ။ပြီးတော့ သူတို့ အရပ်သားအဝတ်တွေနဲ့ ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလို ပုံစံနဲ့ ဝင်ရောက်လာတာ”ဟု ပြောသည်။
စီးနင်းခံရမှုကြောင့် အခြားတိုက်ပွဲမှပြန်လာ၍ ခေတ္တနားနေသော ရဲဘော်(၈)ဦးနှင့်ခေတ္တတည်းခိုနေသောပခုက္ကူခရိုင်တပ်ရင်း(၂)မှရဲဘော်(၁)ဦးစုစုပေါင်း(၉)ဦးကျဆုံးခဲ့သည် ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ထို့ပြင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် (၂)ဦးဒဏ်ရာ ရရှိကာ(၂)ဦးပျောက်ဆုံးလျက်ရှိပြီး
ပျောက်ဆုံးနေသူများ၏ သတင်းကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ရွှေလှံရွာထဲတွင် ဆိုင်ကယ်များနှင့်အတူ မီးရှို့ခံထားရသည့် ရုပ်အလောင်း ၁၀ လောင်းတွေ့ရှိခဲ့သည်ဟု ယင်းမာပင် ဒေသကာကွယ်ရေးတပ်ခေါင်းဆောင် ဗိုလ်သံမဏိကလည်း အတည်ပြု ပြောဆိုသည်။
စခန်းစီးနင်းခံရချိန် ကျဆုံးသွားသည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ မှာ ရဲဘော်အောင်ဇေ၊ (၂)ရဲဘော်ထွေး (၃)ရဲဘော်စတီးနှင့် (၄)ရဲဘော်အာကာအပါအဝင် ကိုးဦးဖြစ်သည်။
ရွှေလှံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းကို ဝင်ရောက်စီးနင်းသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြီးခဲ့တဲ့ ရက်ပိုင်းက ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ကျေးရွာတွင် တပ်စွဲထားသော အဖွဲ့ဖြစ်သည် ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
လတ်တလောတွင် ယင်းမာပင်နှင့် ပုလဲမြို့နယ်တစ်လျှောက် ရင်ပေါင်တိုင်၊ ပျားအို၊ ပုထိုးသာ အစရှိသည့် ကျေးရွာများမှ ဒေသခံများလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။