သံလွင်ခက်
သြဂုတ် ၁၅ ၊ ၂၀၂၃ ။
ထိုင်း – ကရင်နယ်စပ် ၊ မြဝတီမြို့အနီးရှိ လက်ခတ်တောင်ဒေသတွင် ယနေ့နံနက်အစောပိုင်းကတည်းက ထိတွေ့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည်ဟု ဒေသခံများထံမှသိရသည် ။
လက်ခတ်တောင်ကိုပြန်လည်ရရှိရန် စစ်ကောင်စီတပ်များက အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသောကြောင့် ထိတွေ့တိုက်ပွဲများမကြာခဏဖြစ်ပွားနေပြီး ယနေ့တွင်လည်း နံနက် ၄ နာရီကျော်ကတည်းက လက်နက်ကြီးသံများ ဆက်တိုက်ကြားနေရသည်ဟု မြဝတီမြို့ခံ အမျိုးသမီးတစ်ဦးကပြောသည်။
၎င်းက “သူတို့က (စစ်ကောင်စီတပ်တွေက) ၂၈ ရက်နေ့ အပြီးသိမ်းပေးရမယ်ဆိုတော့ အစီအစဥ်နဲ့ချနေတာဖြစ်မယ် “ဟု လက်ရှိတိုက်ပွဲဖြစ်ပွားနေမှုအခြေအနေအား တပ်တွင်းမှကြားသိထားရသည့်သတင်းစကားများအရ မှန်းဆပြောဆိုထားသည် ။
ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့တွင် လက်ခတ်တောင်ရှိ တာဝါတိုင်စခန်းကုန်း နှင့် လက်ခတ်တောင် တောင်ကြောတစ်ခုလုံးကို KNLA နှင့် PDF ပူးပေါင်းစစ်ကြောင်းများက သိမ်းပိုက်ထိန်းချုပ်လိုက်နိုင်ပြီးနောက် စစ်ကောင်စီကစစ်ကြောင်းထိုးနေခြင်းဖြစ်သည်။
” မေတ္တာလင်းမြိုင်မှာ ပန်းခြံတစ်ခြံရှိတယ် ။ အဲဒီပန်းခြံမှာ ထိတွေ့တိုက်ပွဲဖြစ်ပြီး သူတို့မနိုင်တော့ လက်နက်ကြီးတွေနဲ့ နေရာစုံကနေပစ်ကူပေးနေတာ ။ ပြီးတော့ မြဝတီဘက်မှာလည်း မြေပြင်ကနေ ရန်သူကတက်ဖို့ လုပ်နေတာကို ကိုယ့်ဘက်က အရင်တိုးတာပေါ့နော် “ဟု KNLA တပ်ဖွဲ့ဝင်များနှင့်နီးစပ်သည့် အမျိုးသားတစ်ဦး ကပြောသည်။
လက်ရှိတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် တောက်လျှောက်ပစ်ကူပေးနေသည့်အပြင်လေကြောင်းမှလည်း နံနက် ၉ နာရီခွဲခန့်တွင် ၄ ကြိမ် လာရောက်ပစ်ခတ်သွားသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
လက်ခတ်တောင်ကိုပြန်လည်ရရှိရန် စစ်ကောင်စီတပ်ဘက်က အင်အား ၆၀၀ ခန့်ဖြင့် ယမန်နေ့အထိ ၁၀ ကြိမ်ထိုးစစ်ဆင်ခဲ့ကြောင်းနှင့် စစ်ကြောင်းသုံးကြောင်းသုံးကြောင်း တစ်ပြိုင်နက်တည်းထိုး၍ ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့သော်လည်း စစ်ကောင်စီတပ်များ တောင်ခြေကိုမကပ်နိုင်ကြသေးဟု ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောက ယမန်နေ့တွင် သံလွင်ခက်ကိုပြောသည်။
စစ်ကောင်စီဘက်ကထိုးစစ်ဆင်ခဲ့သည့် ၁၀ ကြိမ်အတွင်း၌ ဗိုလ်ကြီး ၂ ဦးအပါအဝင် ၁၇ ဦးသေဆုံးပြီး ၃၄ ဦးဒဏ်ရာရရှိခဲ့ကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းက ယမန်နေ့တွင်သတင်းထုတ်ပြန်ထားသည်။
အဆိုပါ ထိတွေ့တိုက်ပွဲအတွင်း ပူးပေါင်းစစ်ကြောင်းဘက်မှ ရဲဘော်တစ်ဦးကျဆုံး၍ ၈ ဦးဒဏ်ရာရရှိခဲ့ကာ ဒရုန်းတစ်စီးပျက်စီးခဲ့သည်ဟုသိရသည်။
ယနေ့နံနက်ပိုင်း ထိတွေ့တိုက်ပွဲအတွင်း၌လည်း နှစ်ဖက်ထိခိုက် ကျဆုံးမှုများရှိသည်ဟု သတင်းများကြားနေရသော်လည်း သံလွင်ခက်အနေဖြင့် အတည်ပြုနိုင်ရန် စုံစမ်းနေဆဲပြီး ဆက်လက်ဖော်ပြပေးသွားမည်ဖြစ်ပါသည်။
ပုံစာ–လက်ခတ်တောင်ထိုးစစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ ။
******************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1771
YouTube- > https://youtu.be/Pbe2cix7VKg
Website -> https://thanlwinkhet.com/?p=5271
Website ->https://eng.thanlwinkhet.net