ရခိုင်တွင် ညမထွက်ရအမိန့် ဆက်ထုတ်၍ ဒေသခံများ အခက်အခဲဖြစ်
*************
မိခိုင်၊ သံလွင်ခက်
အောက်တိုဘာ ၁၀၊ ၂၀၂၃။
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် စစ်ကောင်စီက ညမထွက်ရအမိန့် ၁၄၄ အား ဆက်လက် ထုတ်ပြန်ကြောင်း အောက်တိုဘာလ ၈ ရက်က ထပ်မံ ကြေညာလိုက်သည့်အတွက် ဒေသခံများအနေဖြင့် အခက်အခဲများ ရှိနေသည်ဟု သိရသည်။
မင်းပြားမြို့တွင် ညနေ ၉ နာရီမှ နံနက် ၅ နာရီထိ ညမထွက်ရ အမိန့်အား ယခု အောက်တိုဘာလ ၂ ရက်မှဒီဇင်ဘာလ ၂ ရက်အထိ ဆက်လက် အကျုံးဝင်ကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။
ယင်းအတွက် ဒေသခံများအနေဖြင့် ကျန်းမာရေး၊ နာရေးကိစ္စရပ်များတွင် အခက်အခဲများ ရှိနေသည်ဟု ဆိုကြသည်။
မင်းပြားဒေသခံ အမျိုးသမီးတစ်ဦးက “ညရေးညတာ သွားလာဖို့ အဆင်မပြေတာတွေ ရှိနေတယ်။ ကျန်းမာရေးကိစ္စက အစ အရေးပေါ် အခြေအနေတွေ ရှိလာရင် ပိုဆိုးမှာပေါ့။ တိုက်ပွဲရှိနေတာလည်း မဟုတ်ဘူး။ ပြန်ရုတ်သိမ်းပေးဖို့ ပြောချင်ပါတယ်“ဟု ပြောသည်။
လက်ရှိတွင် ဒေသခံများအနေဖြင့် အရေးပေါ် အခြေအနေ ဖြစ်ပေါ်လာလျှင် ရေလမ်း၊ ကုန်လမ်းများအား ညအချိန်ဖြတ်သန်းသွားလာခွင့် မရတော့သည့်အတွက် စိုးရိမ်းမှုများ ရှိနေကြခြင်းဖြစ်သည်။
“သေရေးရှင်းရေဆိုရင်လည်း အခုက မသွားရဲတော့ဘူး။ သူတို့ ပစ်ရင် ကျနော်တို့ပဲ သေရမှာ။ ဒီအခြေအနေမှာအသက်စွန့်ပြီး မသွားလာရဲတော့ဘူးပေါဗျ” ဟု အမည်မဖော်လိုသည့် ဒေသခံ တစ်ဦးက ပြောသည်။
စစ်ကောင်စီအနေဖြင့် ရခိုင်တွင် ညမထွက်ရအမိန့်အား ရုတ်သိမ်းထားခြင်း မရှိသည့်အတွက် ထွေအုပ် (အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန) အနေဖြင့် ဆော်သြပေးခြင်းဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကဆိုသည်။
“ဒါကတော့ သူတို့ နှစ်လ တစ်ခါ သက်တမ်းတိုးရတယ်။ ဒါကတော့ ထွေအုပ် ပုံမှန် လုပ်နေရတဲ့ အလုပ်ပေါ့။ ပြန်ရုတ်တာတော့ မရှိသေးဘူး။ အသစ်အဆန်းတော့ မဟုတ်ဘူးပေါ့” ဟု ၎င်းက ဆိုသည်။
ရခိုင်ပြည်နယ်တွင် ညမထွက်ရအမိန့်အား တိုက်ပွဲများစတင်ဖြစ်ပွားသည့် ၂၀၁၈ မှစတင်ပြီး မြို့နယ် အများအပြားတွင် နှစ်လတစ်ကြိမ် သက်တမ်းတိုး ထုတ်ခဲ့သည်။ သို့သော် တိုက်ပွဲ ပြန်လည် ရပ်ထားသည့် အချိန် ၂၀၂၂ ခုနှစ်နို၀င်ဘာလမှ စတင်ကာ ညမထွက်ရအမိန့်အား ရပ်ထားခြင်းဖြစ်ပြီး ဒေသခံများအနေဖြင့် ပုံမှန်သွားလာ၍ ရခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် တဖန် ပြန်လည်ကာ ညမထွက်ရ အမိန့် ၁၄၄ အား ပြန်လည် အသက်သွင်းလာခြင်းဖြစ်သည်။
**************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2129
YouTube- > https://youtu.be/SpxIBpTYop8
Website -> https://thanlwinkhet.com/?p=5836