NUG ဆုကြေး ထုတ်ထားသည့်ကာလအတွင်း
လေယာဥ်၆စီးထိ ပစ်ချထားနိုင်
*************************
သံလွင်ခက်
ဇန်နဝါရီ ၃၀ ၊ ၂၀၂၄ ။
စစ်ကောင်စီ၏ တိုက်လေယာဥ် ၊ ရဟတ်ယာဥ်၊ ထောက်ပို့လေယာဥ်များအား ဖျက်ဆီးနိုင်လျှင် တစ်စီးလျှင် ဆုငွေ အမေရိကန်ဒေါ်လာ ၃ သိန်း သို့မဟုတ် မြန်မာငွေကျပ် သိန်း၆၀၀၀ ချီးမြှင့်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ကြေညာထားသည့်ကာလအတွင်း တော်လှန်ရေးပူးပေါင်းတပ်များက လေယာဥ် ၆ စီးကို ပစ်ချနိုင်ခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ဧပြီလ ၇ ရက်၊ နေ့စွဲဖြင့် “အကြမ်းဖက်စစ်တပ် အသုံးပြုလျက်ရှိသော လေယာဥ် ၊ ရဟတ်ယာဥ်၊ စစ်ယာဥ်ယန္တယားတို့နှင့်စပ်လျဥ်း၍ ဆုငွေချီးမြှင့်ခြင်းဆိုင်ရာ ထုတ်ပြန်ချက် “ကို NUG က တရားဝင်ကြေညာခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်၌ လေယာဥ် ၊ ရဟတ်ယာဥ်၊ တိုက်လေယာဥ်နှင့်တကွ ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာလျှင် ဆုငွေ အမေရိကန်ဒေါ်လာ ၅ သိန်း သို့မဟုတ် မြန်မာကျပ်ငွေ သိန်း ၁၀၀၀၀ ထိချီးမြှင့်မည်ဟုပါရှိသည်။
CDM ပြုလုပ်မည့် လေယာဥ်မှူးများအတွက် အမြင့်ဆုံးဆုကြေးကို သက်မှတ်ပေးထားသော်လည်း NUG က ဆုကြေးထုတ်ပြန်ထားသည့် နှစ်နှစ်နီးပါးကာလအတွင်း စစ်ကောင်စီလက်အောက်ခံ လေယာဥ်မှူးများအနေဖြင့် ဆုကြေးရယူနိုင်ခြင်းမရှိခဲ့ပေ ။
သို့သော်လည်း တော်လှန်ရေးပူးပေါင်းတပ်များက စစ်ကောင်စီ၏ လေယာဥ် ၆ စီးထိကို NUG က ဆုကြေး ကြေညာချက်ထုတ်ထားသည့် ကာလအတွင်း ပစ်ချထားနိုင်ခဲ့သည် ။
ဆုကြေးငွေ ဒုတိယအများဆုံး သက်မှတ်ထားသည့် NUG ၏ ထုတ်ပြန် ကြေညာချက်တွင် တိုက်လေယာဥ် ၊ ရဟတ်ယာဥ် ၊ ထောက်ပို့လေယာဥ် နှင့် တိုက်ရေယာဥ်များအား စစ်တပ်၏ အခြေစိုက်စခန်း၌ ရပ်နားထားစဥ် အကြီးစားပျက်စီးမှု ဖြစ်သည်အထိ ဖျက်ဆီးနိုင်လျှင်ဖြစ်စေ ၊ ပျံသန်း ထွက်ခွာစဥ် လမ်းခုလပ်၌ တနည်းနည်းဖြင့် ပျက်စီးစေရန် စွမ်းဆောင်နိုင်လျှင် ဖြစ်စေ တစ်စီးလျှင် ဆုငွေ အမေရိကန်ဒေါ်လာ ၃ သိန်း သို့မဟုတ် မြန်မာငွေကျပ် သိန်း၆၀၀၀ ချီးမြှင့်သွားမည်ဟု ဖော်ပြထားသည် ။
ထိုကြေညာချက်ထုတ်ပြန်ပြီး ၁၀ လခန့်အကြာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်တွင် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်တွင် ရဟတ်ယာဥ်တစ်စီးကို PDF ပူးပေါင်းတပ်များက ပစ်ချနိုင်ခဲ့သည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ထို့ပြင် ၂၀၂၃ ခုနှစ် ၊ ဇွန်လ ၃၀ ရက်တွင် ကရင်နီပြည်၊ ဘောလခဲမြို့နယ် ၊ ရွာသစ်မြို့အနီးတွင် အပေါ့စားတိုက်လေယာဥ်တစ်စီးကို ကရင်နီတပ်ပေါင်းစုကပစ်ချနိုင်ခဲ့သည်ဟု KNPLF က ထုတ်ပြန်ခဲ့သည် ။
အဆိုပါ ဖြစ်စဥ်နှစ်ခုတွင် လေယာဥ်များကိုပစ်ချနိုင်ခဲ့ကြောင်း သက်ဆိုင်ရာအဖွဲ့အစည်းက သတင်းထုတ်ပြန်ခဲ့သော်လည်း လေယာဥ်အပျက်အစီးများကို မှတ်တမ်းတင်နိုင်ခြင်းမရှိသောကြောင့် NUG မှ ပေးအပ်မည့် ဆုကြေးငွေများကို ရရှိရန် လိုအပ်ချက်ရှိခဲ့သည်။
NUG၏ ဆုကြေးများပေးအပ်မည့် ထုတ်ပြန်တွင် “ဆုကြေးငွေများအား အချက်အလတ် ခိုင်လုံစွာ တင်ပြနိုင်သည့် အစုအဖွဲ့လိုက်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ ခံစားခွင့်ရှိသည်ဟု အတိအလင်းဖော်ပြထားသည် ။
ထို့နောက် ၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာ ၁၁ ရက်တွင် ကရင်နီပူးပေါင်းတပ်များက အပေါ့စားတိုက်လေယာဥ်တစ်စီး ၊ ယခုနှစ် ဇန်နဝါရီ ၃ ရက်နှင့် ၁၆ ရက်တွင် KIA က သယ်ယူပို့ဆောင်ရေး ရဟတ်ယာဥ်တစ်စီးနှင့် ဂျက်တိုက်လေယာဥ် တစ်စီး ၊ ဇန်နဝါရီ ၂၉ ရက်တွင် KNLA နှင့် PDF ပူးပေါင်းတပ်က သယ်ယူပို့ဆောင်ရေး ရဟတ်ယာဥ်တစ်စီးကို အသီးသီးပစ်ချထားနိုင်ခဲ့သည်။
အဆိုပါဖြစ်စဥ်များတွင် ပျက်စီးသွားသည့် လေယာဥ်အမျိုးအစားများ ၊ လေယာဥ်အပိုင်းအစများကို မှတ်တမ်းတင်နိုင်ရုံသာမက လေယာဥ်မှူးများ ၊ အရာရှိကြီးများ သေဆုံး၊ ဒဏ်ရာရရှိမှုများကိုပါ အချက်အလတ်အပြည့်အစုံ ရရှိခဲ့ကြသည် ။
ထို့ကြောင့် လေယာဥ်ပစ်ချနိုင်ကြောင်း အချက်အလတ်ပြည့်ပြည့်စုံစုံ မှတ်တမ်းတင်နိုင်သည့် တော်လှန်ရေးပူးပေါင်းတပ်များအနေဖြင့် NUG မှ ချီးမြှင့်မည့် ဆုကြေးငွေများရရှိရန် အခြေအနေပိုင်ဆိုင်ထားသည် ။
NUG သည် ဆုကြေးထုတ်ပြန်ပြီးနောက် ချင်းပြည်နယ်တွင် စစ်ကောင်စီ၏ တင့်ကားနှစ်စီးကို ဖျက်စီးနိုင်ခဲ့သည့် ချင်းကာကွယ်ရေးပူးပေါင်းတပ်များကို ကျပ် သိန်း ၄၀၀၀ ဆုချီးမြှင့်ခဲ့သည်ဟု ပြီးခဲ့သော ဇူလိုင်လအတွင်း၌ ထုတ်ပြန်ထားသည် ။
NUG ၏ “အကြမ်းဖက်စစ်တပ် အသုံးပြုလျက်ရှိသော လေယာဥ် ၊ ရဟတ်ယာဥ်၊ စစ်ယာဥ်ယန္တယားတို့နှင့်စပ်လျဥ်း၍ ဆုငွေချီးမြှင့်ခြင်းဆိုင်ရာ ထုတ်ပြန်ချက် ” တွင် တင့်ကား၊ သံချပ်ကာ ကားဖြင့် ပြည်သူ့ရင်ခွင်ခိုလှုံလာလျှင်ဖြစ်စေ ၊ ဖျက်ဆီးနိုင်လျှင်ဖြစ်စေ တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၁ သိန်း သို့မဟုတ် မြန်မာကျပ်ငွေ သိန်း ၂၀၀၀ ချီးမြှင့်မည်ဟု ဖော်ပြထားသည်။
ပုံစာ-ယခုလ ဇန်နဝါရီ ၁၆ ရက်တွင် ကွတ်ခိုင်မြို့နယ်တိုက်ပွဲ၌ KIA ကပစ်ချခဲ့သည့် ဂျက်တိုက်လေယာဥ် ။
*****************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3191
YouTube – > https://youtu.be/cZ9bsHWX2EU
Website – > https://thanlwinkhet.com/?p=7134