ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် လေလံကြော်ငြာကပ်
***********************
သံလွင်ခက်
ဖေဖော်ဝါရီ ၁၂၊ ၂၀၂၄။
ဖမ်းဆီးအကျဉ်းချခံထားရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံစည်းရိုးတွင် လေလံတင်ရောင်းချမည့် ကြော်ငြာစာကပ်ထားသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – NLD ပါတီဝင်များထံက သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီ ၁၁ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့သည့် ရန်ကုန်မြို့၊ ဗဟန်း မြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် – ၅၄ နေအိမ်ခြံစည်းရိုး၌ လေလံတင်ရောင်းချမည့်ကြော်ငြာစာ ကပ်ခဲ့ခြင်းဖြစ်သည်ဟု NLD ပါတီဝင် ၁ ဦးက ဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၅ ရက်တွင် ရန်ကုန်တိုင်း၊ ကမာရွတ်ခရိုင်တရားရုံးက ဒေါ်အောင်ဆန်းစုကြည် ၏နေအိမ်ကို ကြမ်းခင်းစျေး ကျပ်သိန်းပေါင်း ၃ သန်းကျော် (အမေရိကန်ဒေါ်လာ သန်း ၉၀ ခန့်) ဖြင့် လေလံတင်ရောင်းချရန် အမိန့်ချခဲ့ပြီး ယခုနှစ် မတ်လ ၂၀ ရက်တွင် လေလံတင်ရောင်းချသွားမည် ဖြစ်သည်။
အဆိုပါ အမိန့်ချမှတ်ပြီးနောက်ပိုင်း နေအိမ်ကို လေလံတင်ရောင်းချမည့် စာကပ်ခဲ့ခြင်းဖြစ်သည်။
ပိုင်ဆိုင်မှုအမွေများနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့ကြား ကာလရှည်ကြာ အငြင်းပွားခဲ့ပြီး ဦးအောင်ဆန်းဦး က ၂၀၀၁ ခုနှစ်ကတည်းက အမှုဖွင့်တရားစွဲဆိုခဲ့ရာ တရားရုံးက ၂ ထပ် အိမ်ပါသည့်အခြမ်းကို ဒေါ်အောင်ဆန်းစုကြည်က ယူရန်နှင့် ကျန် ၁ ခြမ်းကို ဦးအောင်ဆန်းဦးက ယူရန်အမိန့်ချမှတ်ခဲ့သည်။
အမွေခွဲဝေပေးရန်ကိစ္စရပ်နှင့် ပတ်သက်ပြီး ဦးအောင်ဆန်းဦး က ၂၀၂၂ ခုနှစ်တွင် အထူးအယူခံတက်ခဲ့ကာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ခွင့်ပြုပေးခဲ့ပြီးနောက် ယခုကဲ့သို့ အမိန့်ထွက်ပေါ်လာခြင်းဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ – NUG က အဆိုပါနေအိမ်အား အမျိုးသားအဆင့် ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ပြီး ရောင်းချ၊ ဖျက်ဆီး၊ ပြင်ဆင် ပြောင်းလဲအသုံးချခြင်းတို့အား တင်းကြပ်စွာတားမြစ်ကာ ဖောက်ဖျက် ကျူးလွန်ပါက ဥပဒေအရအရေးယူမည်ဟု ထုတ်ပြန်ထားသည်။
ဒေါ်အောင်ဆန်းစုကြည် သည် စစ်တပ်အာဏာသိမ်းသည့်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး စွပ်စွဲခံထား ရ သည့် အမှုပေါင်း ၁၉ မှုအတွက် ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခံထားရကာ နေပြည်တော်အချုပ်ထောင်တွင် အကျဉ်းချခံနေရသည်။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3308
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=7629