ဟိုပုံးတိုက်ပွဲတွင် ပြည်သူ့စစ်အလောင်း ၅ လောင်း နှင့် လက်နက်ခဲယမ်းများသိမ်းဆည်းရမိ
******************************
ယမင်းဖူးပွင့်အောင်
ဖေဖော်ဝါရီ ၂၁၊ ၂၀၂၄။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် ပြည်သူ့စစ်အလောင်း ၅ လောင်း နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – PNLA က ယနေ့တွင် ထုတ်ပြန်သည်။
ယမန်နေ့တွင် ဟိုပုံးမြို့နယ်တစ်နေရာ၌ လုံခြုံရေးလှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – PNLA စစ်ကြောင်းကို စစ်ကောင်စီနှင့် လက်အောက်ခံပြည်သူ့စစ်များက လာရောက်တိုက်ခိုက်ခဲ့သဖြင့် မနက် ၁၁ နာရီကနေ ညနေ ၅ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု PNLA က ထုတ်ပြန်ထားသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် PNLA တပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းမှုလုပ်ဆောင်ခဲ့ရာတွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အလောင်း ၅ လောင်း တွေ့ရှိခဲ့ပြီး ခဲယမ်းကျည်ဆံများအပါအဝင် သေနတ် ၄ လက် သိမ်းဆည်းရမိခဲ့သည်ဟု PNLA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းအပြင် စစ်ကောင်စီနှင့်လက်အောက်ခံပြည်သူ့စစ်များသည် ယမန်နေ့ ၁ ရက်တည်းမှာပင် မဲနယ်တောင်ဒေသ ကို လက်နက်ကြီးဖြင့် ၅၇ ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ကျောက္ကဆျာႏကျေးရွာက နေအိမ် ၁၁ လုံးခန့် ထိခိုက်ပျက်စီးခဲ့ရသည်။
စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်တပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် – PNLA တပ်ဖွဲ့များထံဆက်သွယ်ကာ လက်နက်နှင့်တကွ ကူးပြောင်းလာပါက ထိုက်ထိုက်တန်တန် ဆုချီးမြှင့်မည်ဟု PNLA က ဆိုသည်။
လက်ရှိတိုက်ပွဲသည် စစ်အာဏာရှင်စနစ်ကိုတိုက်ဖျက်သည့်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များအနေဖြင့် စစ်အာဏာရှင်စနစ်လက်အောက်က ရုန်းထွက်ကာ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ် သို့ အမြန်ဆုံးကူးပြောင်းကြရန်လည်း PNLA က တိုက်တွန်းထားသည်။
ဓာတ်ပုံ – PNLA
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3455
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=7816