ဖိထာ က မြန်မာသည် အရေးအကြီးဆုံးသောအိမ်နီးချင်း ဟုပြော
***********************
သံလွင်ခက်
မတ် ၇၊ ၂၀၂၄။
ပြီးခဲ့သည့် မတ်လ ၂ – ၃ ရက်တွင် ထိုင်းနိုင်ငံ၌ကျင်းပခဲ့သည့် မြန်မာ့အရေးဆွေးနွေးပွဲကို ထိုင်းနိုင်ငံ၏ Move Forward ပါတီခေါင်းဆောင် ဖိထာ လင်မ်ဂျာရွန်ရတ် တက်ရောက်ခဲ့ပြီး မြန်မာသည် ထိုင်းနိုင်ငံအတွက် အရေး အကြီးဆုံးသော အိမ်နီးချင်းဖြစ်သည်ဟုပြောဆိုခဲ့သည်။
ထိုင်းနိုင်ငံတွင် ၂ ရက်ကြာကျင်းပခဲ့သည့် အဆိုပါဆွေးနွေးပွဲတွင် ဖိထာ က “Building international bridges” ခေါင်းစဥ်တွင်ပါဝင်ဆွေးနွေးခဲ့ပြီး “ဒီမိုကရေစီဆီဦးတည်သော မြန်မာနိုင်ငံ”၊ “ထိုင်းနယ်စပ်လုံခြုံရေးအပေါ် သက်ရောက်မှု” စသည့်အကြောင်းအရာ ၂ ခုကိုဆွေးနွေးခဲ့သည်ဟု ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
ဖိထာ က “မြန်မာနိုင်ငံအပေါ်သက်ရောက်သမျှသော အခြေအနေတွေအားလုံးက မိမိတို့အားလုံးအပေါ် တိုက်ရိုက် သက်ရောက်မှုရှိသည့်အတွက် မိမိတို့သည် မြန်မာနိုင်ငံအတွက် အရေးအကြီးဆုံးသော အစုအဖွဲ့ဖြစ်ကြောင်းနှင့် မြန်မာ့အရေးနှင့်ပတ်သက်ပြီး ထိုင်းလွှတ်တော်၌အဖြေရှာကြရာတွင် ပိုပြီးအထောက်အကူဖြစ်နိုင်စေရန်အတွက် ယခု ဆွေးနွေးပွဲကို တရားဝင်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း” ရေးသားထားသည်။
၂ ရက်တာကျင်းပခဲ့သည့် ဆွေးနွေးပွဲကရရှိလာသောအချက်အလက်များအပေါ်အခြေခံပြီး ထိုင်းနိုင်ငံအနေဖြင့် အဆင့် ၃ ဆင့်ခွဲ၍ ကိုင်တွယ်ဖြေရှင်းနိုင်ရန် ပြင်ဆင်ထားသင့်သည်ဟူသော သဘောထားအမြင်နှင့် အကြံပြုချက် များကို လည်း ဖိထာ က အောက်ဖော်ပြအတိုင်းအကြံပြုထားသည်။
ကာလတိုအဆင့်
**********
၁။ မြန်မာစစ်တပ်ကထုတ်ပြန်ကြေညာလိုက်သည့် စစ်မှုမထမ်းမနေရဥပဒေကြောင့် ထိုင်းနိုင်ငံကို လာရောက်ခိုလှုံကြမည့် မြန်မာနိုင်ငံသားအရေအတွက် ပို၍တိုးလာမည်ဖြစ်သောကြောင့် ထိုင်းအစိုးရအနေဖြင့် ယင်းနှင့်ပတ်သက်သောအစီအမံများကို ထုတ်ပြန်လိုအပ်သည်။
၂။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ရာတွင် နိုင်ငံတကာ၏ပူးပေါင်းဆောင် ရွက်မှုကို ဖန်တီးခြင်းနှင့် အခြားအဖွဲ့အစည်းများ အထူးသဖြင့် အရပ်ဘက်အဖွဲ့အစည်းများ (CSOs) များဖြစ်သည့် ထိုင်းနယ်စပ်တလျှောက်ရှိနယ်မြေများကိုထိန်းချုပ်ထားသော တိုင်းရင်းသားလူနည်းစုများအပါအဝင် အခြားသော သက်ဆိုင်သူများအား ဦးဆောင်မှုပေးသင့်သည်။
ကာလလတ်အဆင့်
******************
၁။ မြန်မာနိုင်ငံကပဋိပက္ခများကိုဖြေရှင်းရာတွင် သက်ဆိုင်ရာကဏ္ဍများအားလုံး ပေါင်းစည်းရန်လိုအပ်ပါ သည်။ မြန်မာနိုင်ငံ၏ပဋိပက္ခများက ကဏ္ဍပေါင်းစုံအပေါ် သက်ရောက်မှုရှိနေပါသည်။ ထိုင်းနိုင်ငံရှိ နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ ပြည်ထဲရေး၊ အလုပ်သမား၊ စွမ်းအင်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လုံခြုံရေး စသည့် ဝန်ကြီးဌာနအသီးသီးပူးပေါင်းပြီး မြန်မာနိုင်ငံ၏ပဋိပက္ခကို လက်တွေ့ကျကျအဖြေရှာနိုင်ရန် “မြန်မာနိုင်ငံအခြေ အနေနှင့်ပတ်သက်သော အထူးလုပ်ငန်းအဖွဲ့” ကို အမြန်ဆုံးဖွဲ့စည်းရပါမည်။
၂။ မြန်မာနိုင်ငံငြိမ်းချမ်းရေးက ထိုင်းအစိုးရအတွက် တိုက်ရိုက်အကျိုးရှိမည်ဖြစ်သော်လည်း ထိုင်းနိုင်ငံ အနေ ဖြင့် မြန်မာ့ငြိမ်းချမ်းရေးကို ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိပါ။ ထို့ကြောင့် ကျန်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါသည်။
ကာလရှည်အဆင့်
*****************
၁။ မြန်မာနိုင်ငံ၏ပြဿနာသည် ရှုပ်ထွေးရှည်လျားသောပြဿနာဖြစ်သည်။ ထို့ကြောင့် ထိုင်းနိုင်ငံက အဓိကကျသော Key Player တစ်ယောက်အနေဖြင့် မိမိ၏ပါဝါအပျော့စားကို ထိုင်းအေဂျင်စီများကတဆင့် အသုံးပြုနိုင်ပါသည်။ မြန်မာနိုင်ငံရှိ အသီးသီးသောအဖွဲ့အစည်းများကြားကကွဲလွဲမှုများကို ထိုင်းအစိုးရက ကြားခံ ၁ ဦးအဖြစ်ဆောင်ရွက်ပေးခြင်းဖြင့် ညှိနှိုင်းဆောင်ရွက်ပေးရပါမည်။
၂။ အချိန်အခါသင့်လျှင်တော့ ချင်းမိုင် သည် တွေ့ဆုံဆွေးနွေးစရာစင်မြင့်တစ်ခုဖြစ်လာပါလိမ့်မည်။ မြန်မာ နိုင်ငံတွင်းရှိ အသီးသီးသောအခြေအနေများတွင် ပါဝင်နေကြသူများအားလုံးကိုလည်း ဆွေးနွေးညှိနှိုင်းကြဖို့ ဖိတ်ခေါ်ပါသည်။ ထိုင်းနိုင်ငံသည် ကြားခံ ၁ ဦးအဖြစ်ဆောင်ရွက်နိုင်မည့်အလားအလာရှိသည်ဟု မိမိတို့ယုံကြည်ပါ သညိ။ အဘယ့်ကြောင့်ဆိုသော် မြန်မာ့အရေးဖြေရှင်းရာတွင် အာဆီယံသည် အရေးကြီးသည့်အခန်းကဏ္ဍက ပါဝင်နေသောကြောင့်ဖြစ်သည်။
အရေးအကြီးဆုံးကတော့ မိမိတို့ထိုင်းမှာ အဓိကကျသောတာဝန်တစ်ရပ်ရှိနေပါသည်။ ယင်းမှာ မြန်မာ၏အိမ်နီး ချင်းကောင်းတစ်ယောက်အနေဖြင့် အဆုံး စွန်တာဝန်ယူရန်နှင့် ထိုင်းပြည်သူများ၏ အကျိုးစီးပွားကိုစောင့်ရှောက် ရန်ဖြစ်သည် ဟု ဖိထာ က အကြံပြုသုံးသပ်ထားသည်။
ပြီးခဲ့သော မတ်လ ၂ – ၃ ရက်က ထိုင်းနိုင်ငံတွင်ကျင်းပခဲ့သည့် မြန်မာ့အရေးဆွေးနွေးပွဲကို ဖိထာ အပြင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်၊ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ ပါတီကိုယ်စားလှယ်များနှင့် လွှတ်တော်ကိုယ် စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ဓာတ်ပုံ – Pita Limjaroenrat – พิธา ลิ้มเจริญรัตน์ Facebook
ပုံစာ – ဆွေးနွေးပွဲတွင် မြန်မာ့အရေးဆွေးနွေးနေသော ဖိထာ။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3651
YouTube – > https://youtu.be/M_6Wem4Ju9k?si=hD_KqRB2lEvj95D8
Website – > https://thanlwinkhet.net/?p=8142