စစ်အာဏာရှင်ဆန့်ကျင်ရေးတွင်ပါဝင်နေသည့် အမျိုးသမီးများ၏ ရဲစွမ်းသတ္တိကို အသိအမှတ်ပြုကြောင်း သံရုံးအသီးသီးထုတ်ပြန်
*******************************
သံလွင်ခက်။
မတ် ၈၊ ၂၀၂၄။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုကို တွန်းလှန်ဆန့်ကျင်ရာတွင် အရေးပါသောအခန်းကဏ္ဍက ပါဝင်နေသည့် မြန်မာအမျိုးသမီးများ၏ရဲစွမ်းသတ္တိကို အသိအမှတ်ပြုသည်ဟု ရန်ကုန်မြို့ရှိ သံရုံးအသီးသီးက ထုတ်ပြန်လိုက်သည်။
ယနေ့ မတ်လ ၈ ရက်တွင် ကျရောက်သည့် နိုင်ငံတကာအမျိုးသမီးများနေ့တွင် ရန်ကုန်မြို့ရှိ သြစတြေးလျ၊ ကနေဒါ၊ နယ်သာလန်၊ နယူးဇီလန်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့က သံရုံးအကြီးအကဲများနှင့် ဗြိတိန်နိုင်ငံ၏ လက်ထောက်သံရုံးအကြီးအကဲများက မြန်မာအမျိုးသမီးများ၏ ရဲစွမ်းသတ္တိကို အသိအမှတ်ပြုကြောင်း အသီးသီးထုတ်ပြန်ခဲ့ကြခြင်းဖြစ်သည်။
အဆိုပါ အမျိုးသမီးများသည် ၎င်းတို့၏ မိသားစုများကို ထောက်ပံ့ပေး၊ စောင့်ရှောက်ပေးလျက်နှင့်ပင် မြန်မာနိုင်ငံတွင် အားလုံးပါဝင်သော ဒီမိုကရေစီတစ်ရပ်ထူထောင်နိုင်ရန် ကြိုးပမ်းမှုများကို ဆက်လက်ဦးဆောင်နေကြသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာအမျိုးသမီးများ၏ နေ့စဉ်လုပ်ဆောင်ချက်များကတစ်ဆင့် မြန်မာအမျိုးသမီးများသည် အားလုံးပါဝင်သော၊ ငြိမ်းချမ်းသော၊ ဒီမိုကရေစီ အနာဂတ်ရရှိစေဖို့ကြိုးပမ်းမှုတွင် ၎င်းတို့၏အရေးပါမှုကိုပြသနေကြောင်း၊ အမျိုးသမီး များနှင့် မိန်းကလေးငယ်များသည် အကြမ်းဖက်မှုဒဏ်ကြောင့် ပို၍ထိခိုက်လွယ်ကြပြီး ပဋိပက္ခနှင့် ဆက်နွှယ်သော လိင်အခြေပြုအကြမ်းဖက်မှုအပါအဝင် ကျား၊မ ဖြစ်တည်မှုအခြေပြု အကြမ်းဖက်မှုပုံစံများအားလုံးကို နေရာတိုင်း တွင် တားဆီးရန်မှာ လူတိုင်း၏တာဝန်ဖြစ်သည်ဟု သံရုံးများ၏ ထုတ်ပြန်ချက်အသီးသီးတွင် ဖော်ပြထားသည်။
တစ်ချိန်တည်းမှာပင် အဆိုပါအကြမ်းဖက်မှုများတွင် ရှင်သန်ကျန်ရစ်သူများအား အကူအညီအထောက်အပံ့များ လက်လှမ်းမီစေရေးကို တိုးတက်အောင်လုပ်ဆောင်ကြရမည်ဖြစ်ကာ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် အမျိုးသမီးများ၏ပါဝင်မှုသည် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးနှင့်လုံခြုံရေးတို့ တည်ဆောက်နိုင်ရန် လွန် စွာအရေးပါသည်ဟု သံရုံးများက ဆိုသည်။
နောက်ခံအခြေအနေအမျိုးမျိုး၊ စွမ်းဆောင်ရည်အမျိုးမျိုးရှိကြသော အမျိုးသမီးများနှင့် မိန်းကလေးငယ်များ အား လုံးသည် မြန်မာနိုင်ငံ၏ အနာဂတ်ကိုပုံဖော်ရာတွင် အဓိကအခန်းကဏ္ဍကပါဝင်သင့်ပြီး ကျား၊ မ တန်းတူညီမျှရေး ကိုမြှင့်တင်ရန်နှင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏စွမ်းရည်မြှင့်တင်ပေးရန် ချမှတ်ထားသည့် သန္နိဋ္ဌာန်များ ဆက်လက်၍ ခိုင်ခိုင်မာမာရှိနေသည်ဟု သံရုံးများ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပုံစာ – KNDF တပ်ရင်း ၅ ရှိ အမျိုးသမီးတပ်ဖွဲ့ဝင်များ။
ဓာတ်ပုံ – KNDF-B-05
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3668
YouTube – > https://youtu.be/M_6Wem4Ju9k?si=hD_KqRB2lEvj95D8
Website – > https://thanlwinkhet.net/?p=8192