စစ်တွေတွင် သင်္ကြန်ပွဲတော်ကို တိတ်တဆိတ်ကျင်းပရန် စစ်ကောင်စီပြင်ဆင်နေ
*******
ခင်သရဖီဦး
ဧပြီ ၁၊ ၂၀၂၄။
တိုက်ပွဲအပြင်းအထန်ဖြစ်လာမည်ဟု သတင်းထွက်ပေါ်နေသော စစ်တွေမြို့တွင် စစ်ကောင်စီက သင်္ကြန်ကျင်းပရန်အတွက် အစိုးရရုံး ၁ ရုံးတွင် တိုးတိုး တိတ်တိတ်ဖြင့် မဏ္ဍပ်တစ်ခုပြင်ဆင်နေသည်ဟု စစ်ကောင်စီနှင့် နီးစပ်သူ ၁ ဦးထံက သိရသည်။
၂၀၂၂ – ၂၀၂၃ နှစ်များကဲ့သို့ စစ်ကောင်စီသည် စစ်တွေတွင် ဗဟိုမဏ္ဍာပ်မဆောက်လုပ်နိုင်ဘဲ စစ်တွေမြို့၊ စံပြရပ်ကွက်ရှိ အစိုးရဧည့်ဂေဟာတွင်သာ မဏ္ဍပ်တစ်ခုဆောက်လုပ်နေသည်ဟုပြောသည်။
၎င်းက ” မဏ္ဍပ်က ဆောက်နေပြီ။ သူတို့ အစိုးရအဖွဲ့ကတောင် ယိမ်းအက တိုက်နေကြတယ်။ ဗဟိုမဏ္ဍပ်ကတော့ ရှိမယ်လို့မကြားမိဘူး။ ဧည့်ဂေဟာမှာက အခုမှ တစ်ခါဆောက်တာ” ဟု ဆိုသည်။
အဆိုပါမဏ္ဍပ်သည်လည်း စစ်ကောင်စီ၏မိသားစုဝင်များနှင့် အစိုးရဝန်ထမ်းများသာ ပါဝင်ဆင်နွှဲကြမည့်မဏ္ဍပ်ဖြစ်ပြီး မိမိအနေဖြင့်သွားရောက်မည်မဟုတ်ကြောင်း မြို့ခံအမျိုးသမီး ၁ ဦးက ဆိုသည်။
၎င်းက “သူတို့မှာ အစိုးရဝန်ထမ်းတွေသာ သွားပြီးကချင်ကကြမှာပေါ့။ ကျွန်မတို့တော့ သွားဖို့အစီအစဥ်မရှိပါဘူး” ဟု ပြောသည်။
ယခင်နှစ်များတွင် စစ်ကောင်စီသည် ရခိုင်အဆိုတော်များ၊ ယိမ်းအဖွဲ့များဖြင့် ဗဟိုမဏ္ဍပ်ကိုဖွင့်လှစ်ခဲ့ပြီး စစ်တွေမြို့တွင် မဏ္ဍပ် ၃ ခုနီးပါးတည်ဆောက်ကျင်းပခဲ့သည်။
စစ်တွေမြို့တွင် စစ်တပ်နှင့် AA တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားမည်ဟု သတင်းများထွက်ပေါပြီးနောက် စစ်တွေမြို့ခံများသည်လည်း တခြားနေရာများသို့ တိမ်းရှောင်နေကြသည်။
စစ်ကောင်စီကလည်း ၂၀၂၃ ခုနှစ် ဒီဇင်ဘာလလောက်ကစတင်၍ မြို့ဝင်မြို့ထွက်အားပိတ်ဆို့ခဲ့သည်။
လက်ရှိတွင် စစ်တွေမြို့တွင် မြို့ခံတချို့ကျန်ရစ်နေပြီး ကုန်စည်စျေးနှုန်းများ မြင့်တက်လာနေကြောင်း ဒေသခံများထံကသိရသည်။
ဓာတ်ပုံ – သိကြားစေချင် ငွေသဇင်။
ပုံစာ – ၂၀၂၃ ခုနှစ်က စစ်ကောင်စီ၏ ဗဟိုမဏ္ဍပ်။
************
Telegram– > https://t.me/newstlk/4124
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8865