မိုးမောက်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲ
*******
ထွယ်
ဧပြီ ၂၊ ၂၀၂၄။
တိုက်ပွဲပြင်းထန်နေသည့် ကချင်ပြည်နယ် မိုးမောက်မြို့ရှိ ရပ်ကွက်များတွင် ယမန်နေ့ည ၈ နာရီခွဲခန့်က လက်နက်ကြီးကျရောက်ပေါက်ကွဲကာ နေအိမ်များပျက်စီးပြီး ဒေသခံပြည်သူများ တိုက်ပွဲတိမ်းရှောင်လျက်ရှိသည်ဟု မိုးမောက်မြို့ ဒေသခံများထံက သိရသည်။
မိုးမောက်မြို့ အလင်းကောင်ရပ်ကွက်နှင့် ခါနန်ရပ်ကွက်အပါအဝင် ကျောက်စခန်းကျေးရွာအနီးရှိ ရွာသစ်ရွာများတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည်ဟု မိုးမောက်မြို့ဒေသခံ အမျိုးသား ၁ ဦးက ပြောသည်။
၎င်းက “ဘယ်က ပစ်မှန်းကို မသိနေဘူး။ ကျွန်တော်တို့ရပ်ကွက်မှာ ၃ လုံးကျတယ်။ ပြေးတာမှ တန်းနေတာပဲ။ အိမ်ကို အစအနတွေ လာထိတာ” ဟု ပြောသည်။
ထို့အပြင် ယမန်နေ့ညကပစ်ခတ်လိုက်သည့် လက်နက်ကြီးသည် အလင်းကောင်ရပ်ကွက် အရှေ့တွင်ရှိသည့် ခါနန်ရပ်ကွက်နေရာ ၄ နေရာတွင်လည်း ကျရောက်ပေါက်ကွဲခဲ့သည်ဟု ရပ်ကွက်နေအမျိုးသမီး ၁ ဦးက ပြောသည်။
လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် ဒေသခံပြည်သူထိခိုက်မှုမရှိသော်လည်း နေအိမ်နှင့် လမ်းများ ပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။
မိုးမောက်မြို့တွင် မိုးမောက်မြို့နှင့် ၂၅ မိုင်ခန့်ဝေးသည့် နွယ်လန်းကျေးရွာက ဒေသခံများအပါအဝင် တချို့ ကျေးရွာမှဒေသခံများလည်း တိုက်ပွဲတိမ်းရှောင်လျက်ရှိပြီး ယမန်နေ့ညက ကျရောက်ပေါက်ကွဲခဲ့သည့် လက်နက်ကြီးကြောင့် တိုက်ပွဲတိမ်းရှောင်လာသည့်ပြည်သူများအပါအဝင် မိုးမောက်မြို့ဒေသခံပြည်သူများလည်း ယနေ့နံနက်တွင် တိုက်ပွဲတိမ်းရှောင်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။
အင်အား ၁၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယမန်နေ့က မိုးမောက်မြို့ကို စစ်ကြောင်းထိုးဝင်ရောက်လာကာ ဒေသခံပြည်သူတို့၏နေအိမ်များအတွင်း ဝင်ရောက်နေထိုင်သူများရှိသကဲ့သို့ အချို့မှာ ဒေသခံပြည်သူတို့၏နေအိမ်ရှေ့တွင် ညနေ ၃ နာရီ ခန့်ထိ လာရောက်နေထိုင်သွားကြသည်ဟု ဒေသခံ အမျိုးသား ၁ ဦးက ပြောသည်။
၎င်းက “စိန်လုံကဆင်းခဲ့တဲ့ စကစတွေကို cover (လုံခြုံရေး) လာပေးတယ်လို့ကြားတယ်။ ဒီအတိုင်းဘဲ အိမ်မှာတွေလျှောက်ပြီး နေနေတာ။ ဘာမှတော့မလုပ်ဘူး။ အိမ်ရှေ့မှာစကားထိုင်ပြောနေကြတာ” ဟု ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရပ်ကွက်ရှိနေအိမ်များတွင် ၁ အိမ် ၅ ယောက်ခန့်ဖြင့် လာရောက်နေထိုင်ကာ အချို့မှာ ထမင်းပင်ဝင်စားသွားကြသည်ဟု ၎င်းက ပြောသည်။
မိုးမောက်မြို့နယ်တွင် မိုးမောက်မြို့နှင့် ၂ မိုင်ခန့်ဝေးသည့်မြို့ပြင်ရှိ မိုးမောက်မြို့ အခြေစိုက် ခမရ – ၄၃၇ တပ်ရင်း ၁ ရင်းသာကျန်ရှိတော့ပြီး စစ်ရေးအရအရေးပါသည့် မိုးမောက်-လွယ်ဂျယ်ကြားတောင်ကြောပေါ်ရှိ စိန်လုံနှင့် ယောယုံတောင်ကုန်းများတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများအပါအဝင် တပ်စခန်း ၁၁ ခုကို KIA နှင့် ပူးပေါင်းတပ်က ၁ ပတ်အတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
ထို့အပြင် ယမန်နေ့က စိန်လုံတောင်ရှိ စစ်ကောင်စီ၏တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားသဖြင့် ယနေ့နံနက်ချိန်ထိ KIA နှင့် ပူးပေါင်းတပ်က လိုက်လံရှာဖွေနေဆဲဖြစ်သည်ဟု ရှေ့တန်းသတင်းရင်းမြစ်များထံက သိရသည်။
************
Telegram– > https://t.me/newstlk/4137
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8899