လိုက်မမှီနိုင်သော ကုန်ဈေးနှုန်း ခြေရာ
**************
(အတွေးအမြင်ဆောင်းပါး)
နှစ်ဦးဝေ
ဇွန် ၂၃ ၊ ၂၀၂၄
ကဏ္ဍအသီးသီး အကျဘက်သို့ ဦးတည်နေသော မြန်မာနိုင်ငံတွင် နေ့စဉ်အတက်ဘက် ဦးတည်နေသည်မှာ ကုန်ဈေးနှုန်းသာ ရှိသည်။
ယခုရက်ပိုင်း ဈေးက ပြန်လာသူတိုင်း၏ ညည်းတွားသံတွင် ဂေါ်ဖီ တစ်ထုပ် ကျပ်ငါးထောင်မှ တစ်သောင်းအထိ တက်သွားသည့် အကြောင်းများက နေ့တိုင်းလိုလို ကြားနေရသည်။
မြန်မာနိုင်ငံ၏ ဆန်အိုးကြီးဟု တင်စားခေါ်ဝေါ်ကြသည့် ဆန်စပါး အဓိကထွက်ရာ ဧရာဝတီတိုင်းမှာပင် ဆန်ကြမ်း တစ်အိတ်ဈေးက အခုရက်ပိုင်းအတွင်း ယခင်ဈေးထက် ကျပ်နှစ်သောင်းကျော်လောက် ထပ်မြင့်တက်ခဲ့သည်။ ဆန်ကြမ်းတစ်အိတ်လျှင်ပင် တစ်သိန်းကျော်သွားသည့် အကျိုးဆက်အနေဖြင့် ပြည်သူအများ ဆန်ကွဲစားနေကြရသည်။
FAO အကြီးတန်းအရာရှိတဦး၏ မေလ ပထမပတ်အတွင်းက သတိပေးချက်အရ စားနပ်ရိက္ခာ မလုံလောက်သော ကမ္ဘာပေါ်က အဆိုးရွားဆုံး အကျပ်အတည်းကို ရင်ဆိုင်နေရသည့် ဆယ်နိုင်ငံထဲတွင် မြန်မာနိုင်ငံ ပါဝင်နေပါသည်။
ထိုသတိပေးချက်ကို ယခုအချိန်အထိ ဆက်တိုက်တက်လာနေသော အခြေခံစားကုန်ဈေးနှုန်းများက သက်သေပြနေသည်။
ယခုဆိုလျှင် စစ်တပ်အာဏာသိမ်းထားသည်က ၃ နှစ်ကျော်ကာလသို့ ရောက်လာပြီဖြစ်သည်။ ထိုအချိန်ကာလနှင့်အမျှ မြန်မာပြည်သူများအတွက် မရှိမဖြစ် လိုအပ်ချက်ဖြစ်သည့် အခြေခံစားသောက်ကုန် ဈေးနှုန်းတက်လာသည်ကလည်း သုံးဆကျော်အထိ ရှိလာသည်။
ယခင် အာဏာမသိမ်းမီ ၂၀၂၀ ခုနှစ်က ဆန်ကြမ်းတစ်ပြည်ကို ကျပ် ၁၅၀၀ သာ ရှိသည်က ယခုရက်ပိုင်းတွင် ကျပ်ငါးထောင်ဝန်းကျင်အထိ မြင့်တက်ခဲ့သည်။ စားသုံးဆီဈေး တစ်ဆယ်သားကို ကျပ်ခြောက်ရာပေးပြီး တန်းစီစနစ်ဖြင့် ဈေးသက်သာစွာ ဝယ်နိုင်ဖို့တောင် လိုသလောက် ဝယ်မရသည့်အတွက် ကျပ် ၁၂၀၀ ကျော် ပေး၍ ပြင်ပပေါက်ဈေးဖြင့် ဝယ်သုံးနေကြရသည်။
အဆိုပါ ဈေးနှုန်းကိန်းဂဏန်းများမှာ စစ်ကောင်စီလက်အောက်ခံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များက ဖော်ပြထားချက်များအပေါ် နှိုင်းယှဉ်တွက်ချက်ကြည့်ခြင်း ဖြစ်သည်။
ထိုကုန်ဈေးနှုန်းမြင့်တက်မှုကို ကာမိစေရန်အတွက် ပြီးခဲ့သည့် လကုန်ပိုင်းမှစ၍ ပြည်တွင်း ကုမ္ပဏီအချို့က ဝန်ထမ်းများကို လစာတိုးပေးခဲ့သည်။ ထိုသို့ တိုးပေးသည်ကိုပင် နိုင်ငံတော် မတည်မငြိမ်ဖြစ်အောင် ပြုလုပ်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် စစ်ကောင်စီက လုပ်ငန်းရှင် ဆယ်ဦးထက်မနည်းကို ယခုရက်ပိုင်းတွင် ဖမ်းဆီးအရေးယူထားသည်။
ထိုအရေးယူခြင်း ကနဦးအစဖြစ်သည့် လုပ်ငန်းရှင်အချို့၏ လစာတိုးပေးသည့် နှုန်းကို ပြန်ကြည့်ကြပါစို့။
ပြီးခဲ့သည့် ၂၀၂၃ အောက်တိုဘာလက အခြေခံလုပ်သားတစ်ဦး၏ အနည်းဆုံး လုပ်ခလစာအပေါ် ထောက်ပံ့ငွေ တစ်ထောင် ထပ်တိုးပေးရန် စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနက ကြေညာခဲ့သည်။ အဆိုပါ ကျပ်တစ်ထောင်ဆိုသည့် ပမာဏမှာ လက်ရှိ မြင့်တက်နေသည့် ကုန်ဈေးနှုန်းနှင့် ယှဉ်ထိုးကြည့်လျှင် ရေခံမြေခံကောင်းသည့် နိုင်ငံ လမ်းဘေးတွင် အလွယ်တကူ ပေါက်လေ့ရှိသည့် ကန်စွန်းရွက်တစ်စီးကိုပင် ကျပ် ငါးရာကျော် ပေးဝယ်နေရပြီး ကြက်ဥတစ်လုံး ကျပ် သုံးရာကျော်ထပ်ဆောင်းဝယ်လျှင် တစ်ရက်စာ ကြက်ဥနှင့် ကန်စွန်းရွက်ပင် နပ်မမှန်နိုင်။
ပြည်တွင်းကုမ္ပဏီအချို့က ဝန်ထမ်းများကို နဂို ရှိရင်း လစာထက် အနည်းဆုံး ၂၀ ရာခိုင်နှုန်းမှာ အများဆုံး ၅၀ ရာခိုင်နှုန်းအထိ တိုးပေးလိုက်သည်ဟု ပြီးခဲ့သည့် လ ကုမ္ပဏီထုတ်ပြန်ကြေညာချက်များအရ တွေ့ရသည်။
ယင်းမှာ ကျပ် ဆယ်သိန်းလစာရနေသော သူတစ်ဦးအနေဖြင့် နှစ်ဆယ်ရာခိုင်နှုန်းတိုးလျှင် လစာ ကျပ် ၁၂ သိန်း ဖြစ်သွားမည်။ သို့သော် အိမ်နီးချင်း ထိုင်းနိုင်ငံက အခြေခံလစာနှင့် ယှဉ်ကြည့်လျှင်ပင် အဆိုပါ ပမာဏမှာ နည်းနေသေးသည်။
ထိုင်းနိုင်ငံတွင် အခြေခံလုပ်ခလစာမှာ ခရိုင်အလိုက် ကွာခြားမှုရှိသည်။ တစ်လလုပ်ခ အနိမ့်ဆုံးမှာ ဘတ် ၉၀၀၀ နှင့် အထက် ရှိသည်။ လက်ရှိ ငွေလဲနှုန်းပေါက်ဈေးနှင့် တွက်ကြည့်လျှင် တစ်ဘတ်ကို ၁၂၀ ကျပ် ဖြစ်နေသည့် မြန်မာငွေဈေးကျမှုနှင့် ယှဉ်တွက်လျှင်ပင် ကုမ္ပဏီဝန်ထမ်းတစ်ဦးအတွက် လက်ရှိ တိုးလိုက်သော ပမာဏပါပေါင်းမှ ထိုင်းက အခြေခံလစာနှင့် ညီမျှရုံလောက်သာ ရှိသည်။
အခြေခံလုပ်သား တစ်နေ့လုပ်ခကို ကျပ် ၅၈၀၀ နှင့်တွက်ကြည့်လျှင်ပင် အမေရိကန် ဒေါ်လာအားဖြင့် တစ်ဒေါ်လာကျော်သာသာ (ထိုင်းဘတ် ၄၇) သာ ရှိသည်။ ထိုင်းနိုင်ငံတွင် စာရွက်စာတမ်းမရှိဘဲ အလုပ်လုပ်ကိုင်လို့ ရသူဆိုလျှင်ပင် တစ်ရက် ဘတ် ၁၈၀ မှ အများဆုံး ၂၅၀ အထိ ရကြသည်မို့ အနည်းဆုံး လေးဆနီးပါးလောက် ကွာဟမှု ရှိသည်။
ဒါကြောင့်လည်း ပြည်ပသို့ တရားဝင်ရော တရားမဝင်ပါ ထွက်ခွာ အလုပ်ရှာနှုန်းက ပိုများလာသည်။
ပြည်တွင်းကို စွန့်ခွာ မရသော အစိုးရဝန်ထမ်းများ၏ ဝင်ငွေကို ကြည့်မည်ဆိုလျှင်လည်း ပညာရေးကဏ္ဍအတွက် အရေးပါလှသည့် အလယ်တန်းပြ ကျောင်းဆရာမတစ်ဦး၏ လစာမှာ ကျပ် နှစ်သိန်း (အမေရိကန်ဒေါ်လာ ၄၄ ဒေါ်လာ) သာ ရှိသည်။ အဆိုပါ ပမာဏမှာ ဆန်ကြမ်းတစ်အိတ် ကျပ် ၁၃၀၀၀၀ ကျော် ဖြစ်နေသည့် ကာလအတွက် ကျန်သည့် ၇ သောင်းဖြင့် ဟင်းစား၊ အိမ်လခနှင့် အခြား လိုအပ်သည်များကို စီမံရန်မှာ အင်မတန်ခက်ခဲလှသည့် အခြေအနေတွင် ဖြစ်နေသည်။
သုံးဆကျော် မြင့်တက်လာသည့်ထဲတွင် အခြေခံ စားသောက်ကုန် လူသုံးကုန်များသာမက နိုင်ငံတစ်နိုင်ငံ၏ ငွေဖောင်းပွမှုနှင့် ငွေကြေးဈေးကွက်အတွက် အရေးပါသည့် အမေရိကန် ဒေါ်လာဈေးနှုန်းလည်း ပါဝင်သည်။ အာဏာမသိမ်းခင်က အမေရိကန် တစ်ဒေါ်လာလျှင် ကျပ် ၁၃၀၀ သာရှိသော်လည်း ယခု အချိန်တွင် ကျပ် ၄၅၀၀ ဝန်းကျင်အထိ ဖြစ်နေပြီ ဖြစ်သည်။
ထိုသို့ အဖက်ဖက်က သုံးဆကျော် မြင့်တက်လာသည့်ထဲတွင် ကနဦး ဖော်ပြခဲ့သည် လုပ်ခလစာတော့ မပါဝင်ခဲ့ပေ။ အာဏာမသိမ်းခင်က ကျပ် သုံးသိန်းသာ လစာရသူက လက်ရှိ ၃ နှစ်အတွင်း ကိုးသိန်းအထိ မတိုးလာသလို ကျပ် ဆယ်သိန်းရသူက အမြင့်ဆုံး ၅၀ ရာခိုင်နှုန်းတိုးမည် ဆိုလျှင်တောင် ကျပ် သိန်းသုံးဆယ် မဟုတ်ဘဲ ၁၅ သိန်းသာ ရသည့်အတွက် တိုးလာသည့် သုံးဆဝန်းကျင် ကုန်ဈေးနှုန်းကို ပြန်မဖိုက်နိုင်သည့် အနေအထားတွင် ရှိနေခြင်း ဖြစ်သည်။
အဆိုပါ တွက်ချက်မှုများမှာ မြို့ပြ၏ အခြေခံ တွက်ချက်မှုများသာ ရှိသေးသည်။ လက်ရှိကာလ နိုင်ငံတဝှမ်း စစ်မက်ဇုန်ကျယ်ပြန့်နေသည့် ကာလတွင် တိုက်ပွဲများကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် အစွန်အဖျား ဒေသများတွင် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ဒေသခံများ အလူးအလဲ ခံနေကြရသည်။ ထိုထဲတွင် မြန်မာနိုင်ငံ မြောက်ဖျားပိုင်း ကချင်ပြည်နယ် ပူတာအိုမှစ၍ ကရင်နီ၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်းအပြင် အနောက်ဘက်အကျဆုံး ရခိုင်ပြည်နယ်အထိ ပါဝင်သည်။
တိုက်ပွဲများကြောင့် လမ်းများ ပိတ်နေသည့် ပူတာအိုတွင် အခြေခံ စားကုန် ဆန်ဈေးနှုန်းလျှင်ပင် ၈ ပြည်ကို ကျပ် တစ်သိန်းခွဲလောက် ပေးဝယ်နေရသောကြောင့် မြို့ပြဒေသ မြင့်တက်နေသည့် ဈေးနှုန်းများနှင့် ယှဉ်လျှင်ပင် သုံးဆခန့် ထပ်တိုးမြင့်တက်နေသည့် အနေအထားဖြစ်သည်။ ရခိုင်ပြည်နယ်တွင်လည်း အခြေခံစားကုန်ဈေးနှုန်းက အရင်ဈေးများထက် အမြင့်ဆုံး ငါးဆမှ ခြောက်ဆလောက်အထိ မြင့်တက်လျက်ရှိသည်။
အဆိုပါ ဒေသများတွင် စစ်ပွဲများကြောင့် အလုပ်အကိုင် အခွင့်အလမ်းများလည်း ရှားပါးလျက်ရှိပြီး ပြည်သူကို ပြည်သူက ကူညီမှုများနှင့်သာ အသက်ဆက်နေကြရသည်။
သို့သော် စစ်အာဏာသိမ်းကာလကြာလာသည်နှင့် အမျှ တိုက်ပွဲဇုန် ပိုကျယ်ပြန့်လာသည့်နောက် ပြည်သူများလည်း ပမ်းလှပြီ။ အကူအညီများ တဖြည်းဖြည်း လျော့နည်းလာနေသည်။
မပြည့်စုံမှုများအကြား စစ်ဘေးဒုက္ခသည်အရေအတွက်ကလည်း သုံးသန်းကျော် ရှိလာနေသည်ဟု ကုလသမဂ္ဂက မေလ ၃ ရက်က ထုတ်ပြန်ထားသည်။ ထို့ပြင် ယခုနှစ် ဧပြီလက ကျင်းပသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆွေးနွေးပွဲတွင်လည်း မြန်မာပြည်တွင် လူသားချင်းစာနာမှုအကူအညီ လိုအပ်နေသူ ၁၈ ဒသမ ၆ သန်းရှိနေသည်ဟု ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က ထည့်သွင်း ဆွေးနွေးဖော်ပြခဲ့သည်။
နိုင်ငံတဝန်း ငတ်မွတ်ခေါင်းပါးမှု အန္တရာယ်မှာ မြင့်တက်လာနေပြီး မြန်မာနိုင်ငံလူဦးရေ၏ ၂၅ ရာခိုင်နှုန်း နီးပါးရှိသည့် ပြည်သူ ၁၂ ဒဿမ ၉ သန်းမှာ စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ ကြုံနေရသည်ဟုလည်း UNOCHA က ဆိုထားသည်။
ထိုသို့သော အခြေအနေတွင် အလုပ်အကိုင် အခွင့်အလမ်း ရှိသူများအတွက် ထိရောက်သော လစာနှုန်းထားများ တိုးပေးနိုင်မှသာ အလုပ်မလုပ်နိုင်သည့် ဒေသများမှ ပြည်သူများအတွက် ကူညီမှုများကို အချင်းချင်း လုပ်ဆောင်နိုင်မည် ဖြစ်သည်။
သို့သော် လက်ရှိအခြေအနေအရတော့ ကူညီနိုင်ဖို့ မဆိုထားနှင့်၊ ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို မြို့ပြတွင် ရှိနေသည့် ပြည်သူ တစ်ဦးချင်းသော်လည်းကောင်း မိသားစုလိုက်သော်လည်းကောင်းကပင် ကျော်လွှားနိုင်ဖို့က စိုးရိမ်စရာ အခြေအနေဖြစ်လို့နေသည်။
အသက်ရှင်သန်နိုင်ဖို့အရေး အာဟာရပြည့်ဖို့ မဆိုထားနှင့်။ အစာချေစရာရှိအောင် စားဖို့အတွက် မရှိမဖြစ် အခြေခံစားကုန်များ ဝယ်နိုင်ဖို့ငှာ မနက်ဖြန်တိုင်းမှာ ဈေးသွားရမှာကိုပင် ကြောက်နေကြရပြီ။ ။