သံလွင်ခက်
စက်တင်ဘာ ၂၀ ၊ ၂၀၂၄။
အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး အတူတကွလက်တွဲဆောင်ရွက်သွားမည်ဟု တိုင်းရင်းသားခုခံတော်လှန်ရေးအဖွဲ့အစည်းများ၊ ပြည် နယ်/ လူမျိုးကိုယ်စားပြုကောင်စီများ အဖွဲ့ ၉ ဖွဲ့က ယမန့်နေ့တွင် ထုတ်ပြန်ခဲ့သည်။
၎င်းအဖွဲ့များက အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ကြိုတင်ပြင်ဆင်ညှိနှိုင်းမှုများ ကို အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီးနောက် သဘောထားထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရာတွင် ပြည်နယ်အားကောင်းရေးကိုရှေ့ရှုသည့် ပြည်နယ်အား ကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး (Bottom-up Federalism) ချဉ်းကပ်မှုဖြင့် တော်လှန်ရေးကာလ/ကြား ကာလမှစတင်၍ မိမိတို့ ပြည်နယ်/လူမျိုး ကိုယ်စားပြု ကောင်စီများ၊ တိုင်းရင်းသားခုခံ တော်လှန်ရေးအဖွဲ့အစည်းများမှ အတူတကွ တည်ဆောက်သွားမည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး (Bottom-up Federalism) ကို အောက်ပါ အခြေခံမူများ နှင့်အညီ တည်ဆောက်သွားမည်ဟု ဖော်ပြထားသည်။
အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်များသည် ပြည်နယ်/ဖက်ဒရယ်ယူနစ်များနှင့် ၎င်း ပြည်နယ်/ဖက်ဒရယ်ယူနစ်များ အတွင်းရှိ ပြည်သူလူထုများဖြစ်ပြီး ပြည်နယ်/ဖက်ဒရယ်ယူနစ်များသည် တန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံ သည်။
ထို့ပြင် အချုပ်အခြာအာဏာ (Sovereignty)၊ သွေးစည်းညီညွှတ်မှု (Solidarity)၊ လူထုနှင့် အနီးကပ်ဆုံး အာဏာ (Subsidiarity) နှင့် အချိုးကျမှု (Proportionality) အခြေခံမူများအတိုင်း လုပ်ပိုင်ခွင့်အာဏာခွဲဝေခြင်းကို ဆောင်ရွက် မည်ဟု ထုတ်ပြန်ထားသည်။
ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေးအတွက် တော်လှန်ရေးအင်အားစုများအကြား ညှိနှိုင်းအ ကောင်ထည်ဖော်မည့် လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးချမှတ်ခဲ့သသည် ၎င်းအဖွဲ့များထံက သိရသည်။
ထုတ်ပြန်သည့်အဖွဲ့ ၉ ဖွဲ့သည် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) ၊ ပအိုဝ်း အမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ၊ မွန်ပြည်သစ်ပါတီ၊ စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD) ၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ၊ တအာင်း နိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC) နှင့် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB) တို့ဖြစ်သည်။