သံလွင်ခက်
သြဂုတ် ၁၈ ၊ ၂၀၂၃ ။
တိုက်ပွဲဖြစ်ပွားသည့်အသံများမကြားရဘဲ မြဝတီမြို့အနီးရှိ လက်ခတ်တောင်ကို စစ်ကောင်စီတပ်က ယနေ့နေ့လယ်ပိုင်းတွင် လေယာဥ်ဖြင့် လာရောက်ဗုံးကြဲသွားသည်ဟု ဒေသခံများထံက သိရသည်။
” တိုက်ပွဲလည်းမဖြစ်ဘဲ လက်ခတ်တောင်ဘက်ကို နေ့လယ် ၁ နာရီ ၂၅ မိနစ် လောက်က လေယာဥ်နဲ့ ဗုံးနှစ်လုံး လာကြဲသွားတာ ။ အိပ်နေတာတောင်လန့်နိုးသွားတယ် ။ နေ့လယ် ၁ နာရီနဲ့ မိနစ် ၄၀ လောက်မှာလည်း တစ်ကြိမ် ထပ်ပစ်သွားတယ် “ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည် ။
လက်ခတ်တောင်ကိုပြန်လည်ရရှိရန် အင်အားအလုံးအရင်းဖြင့်ထိုးစစ်ဆင်နေသော်လည်း ထိခိုက်ကျဆုံးမှုများပြီးတောင်ခြေနားမကပ်နိုင်သေးဟု သိရသည်။
ပြန်လည်ထိုးစစ်ဆင်နေသည့်ကာလအတွင်း စစ်ကောင်စီတပ်ဘက်က ဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီးသုံးဦးအပါအဝင်၃၂ ဦးသေဆုံးခဲ့သည့်အပြင် လက်နက်ခဲယမ်းများစွာလည်း သိမ်းဆည်းရမိခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းကထုတ်ပြန်ထားသည်။
လက်ခတ်တောင်ကိုပြန်လည်ရရှိရန် စစ်ကောင်စီတပ်ဘက်က မြေပြင်အင်အား ၆၀၀ ခန့်အသုံးပြု၍ ထိုးစစ်ဆင်နေသည့်အပြင် လက်နက်ကြီးပစ်ကူနှင့် လေကြောင်းပစ်ကူများကိုပါ အဆမတန်အသုံးပြုနေသည်။
ပြီးခဲ့သည့်ရက်ပိုင်း သြဂုတ်လ ၁၅ ရက် တိုက်ပွဲတွင်လည်း စစ်ကောင်စီဘက်က လက်နက်ကြီးအကြိမ်ရေ ၃၀၀ကျော်ပစ်ခတ်ခဲ့သည့်အပြင် Jet Fighter ဖြင့် ၃ကြိမ်၊ Mi-35(Attack-Helicopter) ဖြင့် ၃ကြိမ် ပစ်ခတ်ခဲ့သည်ဟုကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားသည်။
ထိုင်း–ကရင်နယ်စပ် မြဝတီမြို့အနီးရှိ လက်ခတ်တောင်ကို ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်တွင် KNLA နှင့်PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီကပြန်လည်ထိုးစစ်ဆင်နေသည်မှာ ယခုလ ဒုတိယအပတ်ထိ ၁၀ ကြိမ်ထက်မနည်းရှိနေပြီဖြစ်သည်ဟု ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားသည်။
****************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1801
YouTube- > https://youtu.be/EQxNHj_FY94
Website -> https://thanlwinkhet.com/?p=5309
Website ->https://eng.thanlwinkhet.net