ဂွမှ ရက် ၂၀ အရွယ် ကလေးငယ်အပါအဝင် ၅ ဦး အလှူရှင်လိုအပ်နေ
***********
ခင်သရဖီဦး
အောက်တိုဘာ ၃၊ ၂၀၂၄။
ရခိုင်ပြည်နယ်၊ ဂွမြို့နယ် ပျော့ချောင်းကျေးရွာတွင် ကင်ဆာရောဂါဝေဒနာခံစားနေရသည့် အမျိုးသမီးနှင့် ၎င်း၏ ရက် ၂၀ အရွယ်ကလေးငယ်တစ်ဦးအပါအဝင် ဆယ်ကျော်သက်ကလေးငယ် ၅ ဦးတို့မှာ နေရာထိုင်ခင်းနှင့် စားသောက်ရေးအတွက် အလှူရှင်များလိုအပ်နေသည်ဟု ဒေသခံများထံမှ သိရသည်။
မိခင်ဖြစ်သူမှာ ကင်ဆာရောဂါကို အပြင်းအထန်ခံစားနေရပြီး အိပ်ယာထဲလှဲနေခြင်းဖြစ်ကာ ကလေးများ အတွက် အဝတ်အထည်၊ တဲအတွက် မိုးကာ၊ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ အိုခွက်များ လိုအပ်နေ သည်ဟု ဂွဒေသခံတစ်ဦးက ဆိုသည်။
“ကျွန်တော်တို့ကို ပျော့ချောင်းကနေပြီးတော့ ဆက်သွယ်လာတာပါ။ အကူညီတွေ လိုအပ်နေတယ်ပေါ့။ လောလောစဉ်မှာက သူတို့အတွက် ရွာက လူတွေက မိုးကာတွေနဲ့ တစ်နေရာစာလုပ်ပေးထားတာ။ ဒါပေမဲ့ မိုးရွာရင် နေစရာနေရာမရှိဘူးလို့လည်းသိရတယ်။ ဒါကြောင့် ကူညီဖို့အတွက် အလှူရှင်တွေ လိုနေတာပါ” ဟု ၎င်းက ပြောသည်။
အဆိုပါ ဆယ်ကျော်ကလေး ငါးဦးတွင်း အကြီးဆုံးကလေးငယ်မှာ ၁၄ နှစ်ဖြစ်ပြီး အသက် ၁၃ နှစ်အရွယ်၊ ကိုးနှစ်အရွယ်၊ ခြောက်နှစ်အရွယ်နှင့် ရက်ပိုင်းသာရှိသေးသည့် ကလေးငယ်တစ်ဦးတို့ ဖြစ်ကြသည်။
ဓာတ်ပုံ- YNAH