နန်းဆုပန်ခန့်
အောက်တိုဘာ ၂၈၊၂၀၂၂။
အောက်တိုဘာ ၂၈၊၂၀၂၂။
ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက် ၊လေးကေ့ကော်မြို့သစ်အနီးရှိ ပလောတပို့ စစ်ရှောင်စခန်း တွင် အရေပြားရောဂါများဖြစ်ပွါးနေသည်ဟု ကျန်းမာရေးစောင့်ရှောက်မှုတာဝန်ခံဆရာဝန်က သံလွင်ခက်ကို ပြောသည်။
၎င်းက “အရေပြားနဲ့ပတ်သက်ပြီးတော့ ဖြစ်ကြတာများတယ် ၊လူနေသိပ်သည်းတာရော ပြီးတော့ ချိုးရေက မြစ်ရေ အဓိက သုံးရတာဆိုတော့ ယားယံတာတွေ အရေပြားပိုးဝင်တာတွေ အဖြစ်များတယ်။ ဆေးကုလိုက်ပျောက်လိုက် ပြန်ဖြစ်လိုက်ပဲ” ဟု ပြောသည်။
အဆိုပါ စစ်ဘေးရှောင်စခန်းတွင် နာတာရှည်ရောဂါသည်များနှင့် အသက်အရွယ်ကြီးသူများအတွက် ဆေးဝါးလိုအပ်ချက်များလည်း ဖြစ်ပေါ်နေသည်ဟု ကျန်းမာရေး တာဝန်ခံ ဆရာမက ပြောသည်။
” နာတာရှည်ရောဂါကတော့ သိတဲ့အတိုင်း ဆီးချို၊ သွေးတိုး ၊နှလုံးရောဂါ စသဖြင့်ပေါ့ သူတို့ကျတော့ ဆေးပုံမှန်မပြတ်သောက်ရတာဆိုတော့ ဆေးလိုအပ်ချက်က များတယ် ဒီမှာ ပုံမှန် ဆေးသောက်နေရတဲ့ အဲလို လူနာတွေ ရာနဲ့ချီရှိတယ်”ဟု ၎င်းက ပြောသည်။
ပလောတပို့ စစ်ရှောင်စခန်း၏ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းလိုအပ်ချက်များကို ကရင်ကျန်းမာရေးနှင့် လူမှုဖူလုံရေးဦးစီးဌာနနှင့် Shoklo ငှက်ဖျားသုတေသန အဖွဲ့တို့က ကူညီမှုများပေးနေသော်လည်းလိုအပ်မှုများရှိဆဲဖြစ်သည်ဟု တာဝန်ရှိသူများက ပြောသည်။
လေးကေ့ကော် မြို့သစ် အနီးရှိ ပလောတပို့စစ်ရှောင်စခန်းတွင် စစ်ဘေးရှောင် ၁၁၃၂ ဦးရှိပြီး စစ်ဘေးရှောင်နေရသည်မှာ တစ်နှစ်ခန့်ကြာမြင့်နေပြီဖြစ်သည်။
ပလောတပို့ စစ်ရှောင်စခန်းတွင်ဆေးကုသမှုခံယူနေသည့် စစ်ဘေးရှောင်များ။
Photo-သံလွင်ခက်။