သံလွင်ခက်
နိုဝင်ဘာ ၂၁၊ ၂၀၂၄။
တရုတ် – မြန်မာ နယ်စပ်ဂိတ် တည်ရှိရာ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ ကန်ပိုက်တီမြို့ကို ယမန်နေ့ညနေ ၆ နာရီ ၄၅ မိနစ်ခန့်က အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု KIA ရှေ့တန်း သတင်းရင်းမြစ်ထံက သိရသည်။
ကချင်လွတ်မြောက်ရေး တပ်မတော် – KIA နှင့် ပူးပေါင်းတပ်က စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ် – BGF တပ်ဖွဲ့ဝင်တို့၏ တပ်စခန်းကို ချင်းကပ်နေစဉ် ၎င်းတို့နှင့် ထိပ်တိုက်တွေ့ဆုံသဖြင့် နိုဝင်ဘာ ၂၁ ရက် နံနက် ၁၀ နာရီခန့်ကတည်းက တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု KIA ရှေ့တန်းရဲဘော် တစ်ဦးက သံလွင်ခက်ကို ပြောသည်။
“ကျွန်တော်တို့ သူတို့နားကပ်နေချိန်မှာပဲ သူတို့စောင့်နေတာနဲ့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်တာ၊ မနေ့ည ညနေက သူတို့တွေ အကုန်ထွက်ပြေးသွားလို့ တစ်မြို့လုံးကို ရသွားပါပြီ၊ ဒီနေ့တော့ သူတို့ကို အနီးဝန်းကျင်မှာ ရှာဖွေရေး လုပ်နေတယ်” ဟု ပြောသည်။
ကချင်အထူးဒေသ – ၁ အဖြစ် ခေါ်ဆိုကြသည့် မြစ်ကြီးနားမြို့၏ အရှေ့ဘက်နှင့် အရှေ့မြောက်ဘက်ပိုင်းတွင်ရှိသော ဇခုန်တိန့်ယိမ်း ဦးဆောင်သည့် နယ်ခြားစောင့်တပ် – BGF တပ်ဖွဲ့ဝင်များကို KIA ပူးပေါင်းတပ်ဖွဲ့ဝင်တို့သည် စက်တင်ဘာလကုန်ခန့်ကပင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး တပ်ရင်း ၁၀၀၁ ဌာနချုပ်အပြင် တပ်ရင်း ၁၀၀၂ ဌာနချုပ်နှင့် တပ်ရင်း ၁၀၀၃ ဌာနချုပ်တို့ကိုလည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
အဆိုပါ တရုတ် – မြန်မာ ကုန်သွယ်ရေးဂိတ် တည်ရှိရာ ကန်ပိုက်တီမြို့သည် ဇခုန်တိန့်ယိမ်း၏ နောက်ဆုံးကျန်ရှိသည့် စိုးမိုးနယ်မြေဖြစ်သည်။
ယခုချိန် KIA သည် တရုတ်ပြည်နှင့် ထိစပ်နေသည့် ကုန်သွယ်ရေးဂိတ်များအားလုံးကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သည်။