သံလွင်ခက်
ဒီဇင်ဘာ ၆၊၂၀၂၄။
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ ဖာပွန်(မူတြော်)ခရိုင် တစ်လတာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၈၈ ဦး သေဆုံးပြီး ၁၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူဗဟိုက ယနေ့တွင်ထုတ်ပြန်သည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁ရက်မှ ၃၀အထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ တော်လှန်ရေး ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပေါင်း ၄၃ ကြိမ် ထက်မနည်းဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ တပ်ရင်းမှူး၊ဒုတပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၈ ဦးသေဆုံးခဲ့သည်။
နိုဝင်ဘာလအတွင်း စခန်းသိမ်းတိုက်ပွဲများအနေဖြင့် ကူးဆိပ်စခန်းနှင့် မာထောစခန်း ၂ ခုကိုသိမ်းပိုက်နိုင်သည်အထိ စစ်ရေးအောင်မြင်မှုရှိခဲ့သည်ဟု ဖော်ပြထားသည်။
တိုက်ပွဲဖြစ်စဉ်များအတွင်း စစ်ကောင်စီတပ်သည် လေကြောင်းမှ အဓိကအားပြု ပစ်ကူပေးခြင်း၊စားနပ်ရိက္ခာများကိုလည်း ပို့ဆောင်ခြင်းနှင့် ပြည်သူများနေထိုင်ရာကျေးရွာသို့ ဗုံးအလုံးရေ ၁၆လုံးထက်ကြဲချခဲ့သည့်အပြင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည် ဟု ထုတ်ပြန်ချက်ကဆိုသည်။
ထိုသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သား တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ကေအဲန်ယူဗဟိုက ဆိုထားသည်။
ဓါတ်ပုံ − မာထောစခန်းအား သိမ်းပိုက်ရရှိစဉ်တွင်း သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ။