သံလွင်ခက်
ဒီဇင်ဘာ ၃၁၊၂၀၂၄။
၂၀၂၄ခုနှစ် တစ်နှစ်အတွင်း အကျဉ်းထောင်တွင်းနှင့် အကျဉ်းထောင်ပြင်ပတွင် ဥပဒေမဲ့သတ်ဖြတ်ခံရသည့် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ ၉ ဦးရှိခဲ့သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNMက ယနေ့တွင်ထုတ်ပြန်သည်။
ထိုအကျဉ်းသား၊အကျဉ်းသူ ၉ ဦးသည် ၂၀၂၄ ခုနှစ်အတွင်း ဖမ်းဆီးခံခဲ့ရပြီးနောက် ဥပဒေမဲ့ သတ်ဖြတ်ခံရခြင်းဖြစ်ပြီး အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၁ ဦး ပါဝင်သည်ဟု PPNM ကဖော်ပြသည်။
သတ်ဖြတ်ခြင်းခံခဲ့ရသူများတွင် အမှုရင်ဆိုင်နေဆဲ ဝေါမြို့နယ်မှ အမျိုးသမီးတစ်ဦးနှင့် အမျိုးသာတစ်ဦး၊ ထားဝယ်အကျဉ်းထောင်မှ ၂ ဦး ၊မြင်းခြံထောင်တွင် ၁ ဦး၊ မြစ်ကြီးနားထောင်တွင် ၂ ဦး၊ အိုးဘိုထောင်တွင် ၁ ဦး၊ မုံရွာတွင် ၁ ဦး တို့ ပါဝင်သည်။
ထိုဖြစ်စဉ်များတွင် အမှုရင်ဆိုင်နေစဉ် သတ်ဖြတ်ခံရခြင်း၊ အကျဉ်းထောင်မှ ခေါ်ထုတ်ကာ သတ်ဖြတ်ခြင်း၊ အကျဉ်းဦးစီးအရာရှိ ၊ဝန်ထမ်းများ၏ ညှဉ်းပန်းနှိပ်စက်မှုကြောင့် ထောင်တွင်း၌ သေဆုံးခြင်းဖြစ်သည်။
ထို့အပြင် အကျဉ်းထောင်အတွင်း ဆေးဝါးလုံလောက်စွာမရရှိမှုကြောင့် နိုင်ငံရေးအကျဉ်းသူ ၃ ဦး၊ အကျဉ်းသား ၁၈ ဦး၊ LGBT ၁ ဦး စုစုပေါင်း ၂၂ ဦး သေဆုံးခဲ့သည်။
အဆိုပါအရေအတွက်သည် ၂၀၂၄ ဇန်နဝါရီလမှ ဒီဇင်ဘာအထိ PPNM မှ နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်ပေါင်း ၄၁ ရှိ လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်ထားခြင်းဖြစ်သည်ဟု သိရသည်။
ပုံစာ-PPNM