နေအိမ်များမီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်ကို ပူးပေါင်းတိုက်ခိုက်ရာ ၁၀ဦးထက်မနည်းသေဆုံး
*************************
ဇန်နဝါရီ ၁၄၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်တွင် စစ်ကြောင်းထိုးမီးရှို့နေသော စစ်ကောင်စီတပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များကတိုက်ခိုက်ခဲ့ပြီး ၁၀ဦးထက်မနည်းသေဆုံးဟု သိရသည်။
ဆားလင်းကြီးမြို့နယ် ဖောင်းကတာကျေးရွာနှင့် ကိုင်းကျေးရွာတို့ကို စစ်ကြောင်းထိုးမီးရှို့နေသော အင်အား၇၀ကျော်ပါသည့် စစ်ကောင်စီစစ်ကြောင်းကို ဇန်နဝါရီလ၁၂ရက်၊ နံနက် ၇ နာရီဝန်းကျင်တွက် ဖောင်းကတာကျေးရွာ၌ တိုက်ခိုက်ခဲ့သည်ဟု Monywa lightning PDF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံမှ ပြောသည်။
” ကျွန်တော်တို့ကိုယ်တိုင်မြင်တာရော အနီးနားမှာရှိနေတဲ့သတင်းပေးတွေကရော ပြောကြားတဲ့အတွက် ၁၀ယောက်ထက်မက သေတာကိုသိရတာ ” ဟု ၎င်းက ပြောသည်။
ထိုစစ်ကောင်စီတပ်စစ်ကြောင်းသည် ကျောင်းဖြူတိုင်၊ ဖောင်းကတာနှင့် ကိုင်းရွာတို့ကို ရွာလုံးကျွတ်နီးပါး မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
ထိုတိုက်ပွဲကို မုံရွာခရိုင် တပ်ရင်း ၇ Monywa Lightning PDF နှင့် Monywa The Boy တပ်ရင်း ၄ တို့မှပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့ဘက်မှ ၁ ဦး (မစိုးရိမ်ရ) ထိခိုက်ခဲ့ကာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် နှစ် ဒီဇင်ဘာ၂၆ရက်တွင်လည်း မုံရွာမြို့တွင် ကွမ်းယာဝယ်ထွက်လာသည့် ရဲကားတစ်စီးကို ဒေသခံကာကွယ်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းကြောင့် စခန်းမှူးအပါအဝင် ၃ ဦးထိသေဆုံးမှုရှိခဲ့သည်။
ဓာတ်ပုံ – Monywa Lightining PDF