ကောင်းချစ်အောင်
မေ ၂၄၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် လှတောရွာအနီးတွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ဆိုင်ကယ်ပေါ်လိုက်ပါလာသည့် အမျိုးသားနှစ်ဦး ကျည်ထိမှန်သေဆုံးခဲ့သည်ဟု ဒေသခံများမှတစ်ဆင့် သိရသည်။
စစ်ကောင်စီတပ်များသည် စစ်ကိုင်းမြို့နယ် ဆားတောင်မြို့မှတစ်ဆင့် လှတောရွာသို့ ယမန်နေ့နံနက်ပိုင်းက ကားနှစ်စီးဖြင့် ဝင်ရောက်လာခြင်းဖြစ်ပြီး ဖြတ်သန်းသွားလာသည့် အမျိုးသားနှစ်ဦး စီးနင်းလိုက်ပါလာသော ဆိုင်ကယ်တစ်စီးကို ဖမ်းဆီးခဲ့သည်။
ထို့နောက် ရွာမှစစ်ကြောင်းပြန်အထွက်တွင် သေနတ်ဖြင့်ပစ်သတ်ခဲ့သည်ဟု လှတောရွာခံအမျိုးသားတစ်ဦးကသံလွင်ခက်ကိုပြောသည်။
“စစ်ကြောင်းက ဖြတ်သွားတဲ့ဆိုင်ကယ်ကို သံသယရှိလို့ တားပြီး ဖမ်းတယ် ။ ရွာက ပြန်ထွက်တော့ ရွာအရှေ့ဘက်မှာပစ်သတ်သွားတယ်“ဟု၎င်းကဆိုသည်။
သေဆုံးသူအမျိုးသားနှစ်ယောက်သည် အသက်၃၀အရွယ်နှင့် အသက်၅၀အရွယ်ဟု ရွာခံများကဆိုသော်လည်းသံလွင်ခက်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။
”စစ်သားတွေရဲ့ဝတ်စုံတွေမှာ တပ်မ၉၉ ဘတ်တံဆိပ်ပါတာ တွေ့ရတယ်။ အသတ်ခံရတဲ့နှစ်ယောက်က လှတောရွာသားတွေမဟုတ်ဘူး“ဟု ရွာခံတစ်ဦးကပြောသည်။
ထို့အပြင် လှတောရွာသား ၉ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကာ အဆိုပါစစ်ကြောင်းသည် ယနေ့တွင် လှတောမြို့နယ်အတွင်း ရွာစဉ်အလိုက် လှည့်လည်နေသည်ဟု သိရသည်။
***********
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1163
YouTube -> https://youtu.be/Fuwj7S3m10U
Website -> https://thanlwinkhet.com/?p=4542
Website ->https://eng.thanlwinkhet.net