သံလွင်ခက်
ဒီဇင်ဘာ ၃၊၂၀၂၄။
မွန်ပြည်နယ် ရေးမြို့နယ် ၊ မော်လမြိုင် – ရေး-ထားဝယ်လမ်းပိုင်း အမှတ် ၈ ပြည်ထောင်စု လမ်းမကြီးပေါ်တွင် Vigo ကား ၂စီးဖြင့် ဖြတ်သန်းသွားလာသည့် စစ်ကောင်စီတပ်သားများကို ကြားဖြတ်တိုက်ခိုက်ခဲ့သောကြောင့် ၃ ဦးသေဆုံးခဲ့သည်ဟု ရေးဘီလူးတပ်ဖွဲ့ ခေါင်းဆောင်ကသံလွင်ခက်ကို ပြောသည်။
ယနေ့ ဒီဇင်ဘာ ၃ ရက် မနက် ၉ နာရီခွဲခန့်တွင် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရေးမြို့နယ်အပိုင် စုံနံ့သာကျေးရွာတွင် ရေးဘီလူးအဖွဲ့က စတင်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
အဆိုပါ ကားဖြင့် လိုက်ပါလာသော စစ်ကောင်စီတပ်သားများသည် အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၉ ) လက်အောက်ရှိ ခြေမြန်တပ်ရင်း ခမရ ၃၄၃ မှတပ်သားများဖြစ်သည်ဟု ရေးဘီလူး ခေါင်းဆောင်က သူ့၏လူမှုကွန်ရက် ဖေ့စဘွတ်စာမျက်နှာတွင် ဖော်ပြထားသည်။
ရေးဘီလူး တပ်ဖွဲ့ခေါင်းဆောင်က“ အမှတ် ၈ ကားလမ်းမကြီးမှာက လက်ရှိ ဦးသူနေရာရတဲ့ ပုံစံမျိုးဖြစ်နေတာ ။ ကျွန်တော်တို့ ကြားဖြတ်တိုက်တယ်။ သူတို့ဘက်က သေဆုံးသူရှိသလို ကျွန်တော်တို့ဘက်က လည်း တစ်ဦးထိခိုက်ဒဏ်ရာရထားတယ်” ဟု ဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် ရေးမြို့အခြေစိုက် စစ်ကောင်စီတပ်၏ ခြေမြန်တပ်ရင်း ခမရ ၃၄၃၊၅၈၆၊၅၈၇ တို့မှ ပြည်သူများနေထိုင်ရာကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်ဟု သိရသည်။
ဓာတ်ပုံ- ရေးဘီလူးတပ်ဖွဲ့ဝင်များ။