တောင်ရှည်တောင်ဗျူဟာကုန်း သိမ်းပိုက်နိုင်ရေး AA ကြိုးပမ်း
***********************
မိခိုင်
ဇန်နဝါရီ ၃ ၊ ၂၀၂၄။
ရက္ခိုင့်တပ်တော် – AA အနေဖြင့် ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာအနီးရှိ စစ်ကောင်စီအခြေချ “တောင်ရှည် တောင်ဗျူဟာကုန်း” အား အလုံးစုံသိမ်းပိုက်နိုင်ရေးအတွက် ရက္ခိုင့်တပ်တော် – AA က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ဇန်နဝါရီလ ၃ ရက်တွင် ထုတ်ပြန်ထားသည်။
” ရန်သူသည် ဗျူဟာကုန်းမကျရေးအတွက် ဂျက်ဖိုက်တာ ၂ စင်းဖြင့် လေ ကြောင်းက အပြင်းအထန်ခုခံကာကွယ်နေရသည့်အပြင် ကျောက်တော်အခြေ စိုက်စခန်းများမှလည်း အတွဲလိုက်ဒုံးအမြောက်အမြားသုံးကာ ခုခံကာကွယ်တိုက်ခိုက်လျက်ရှိသည်” ဟု ရက္ခိုင့်တပ်တော်က ဆိုထားသည်။
စစ်ကောင်စီ၏ တောင်ရှည်တောင်ဗျူဟာကုန်းအား ရက္ခိုင့်တပ်တော်က ထိုး စစ်ဆင်တိုက်ခိုက်နေသည်မှာ ၁၀ ရက်ခန့်ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။
ကျောက်တော်ဒေသခံ ၁ ဦးက ” တိုက်ပွဲဖြစ်နေတာက ၁၀ ရက် ကျော်လောက်ရှိပြီ။ လက်နက်ကြီး၊ လေယာဥ်၊ ဒရုန်း အစုံနဲ့ပစ်နေတာပါ။ လက်နက်ကြီးကတော့ ရွာတွေကိုလည်းကျတယ်” ဟု ဆိုသည်။
စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲပြင်းထန်နေသည့်အတွက် အနီးဝန်းကျင်ကျေးရွာများရှိဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း သိရသည်။
” နေ့လယ် ၁၂ နာရီအချိန်ခန့်နှင့် ၂ နာရီ ၄၅ မိနစ်အချိန်ခန့်စပ်ကြား၌ ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ မျောက် တောင်ရွာသို့ အကြမ်းဖက်စစ်ကောင်စီက လူမဆန်စွာဒရုန်းဖြင့် drop bomb များ ၃ ကြိမ်တိုင်တိုင် တမင်တကာ လာရောက်ကြဲချတိုက်ခိုက်ခဲ့သဖြင့် ၎င်းကျေးရွာအတွင်းကျရောက်ပေါက်ကွဲခဲ့ရာ အသက် ၃ နှစ်အရွယ် လူမမယ် ယောကျာ်းလေး ၁ ဦးနှင့် အသက် ၂၂ နှစ်အရွယ်ယောကျာ်းလေး ၁ ဦးတို့အားထိမှန်၍ သေဆုံးခဲ့ရသည်။ ထို့အတူ ဒေသခံအမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၃ ဦးတို့မှာလည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့ရသည် ” ဟု ရက္ခိုင့်တပ်တော် ကဆိုသည်။
ကျောက်တော်တွင် ရက္ခိုင့်တပ်တော်အနေဖြင့် စစ်တပ်၏အခြေချစခန်းအပါအဝင် ရဲစခန်း အစရှိသည့် စခန်း ၆ ခု အား သိမ်းပိုက်ထားသည်။
ရက္ခိုင့်တပ်တော်ကသိမ်းပိုက်ထားသည့်စခန်းများမှာ မုန့်သန်းပြင်ကျေးရွာ၊ တပ်မ ၅၅ လက်အောက်ခံ၊ ခမရ ၁၈ တပ်ရင်း ယာယီအခြေပြုစခန်း၊ ကျောက် တန်းကျေးရွာအနီး၊ တပ်မ ၅၅ လက်အောက်ခံ၊ ခလရ ၉၄ တပ်ရင်း ယာယီအခြေပြုစခန်း ၂ ခု၊ မီးကျောင်းတက်ကျေးရွာအနီး၊ တပ်မ ၅၅ လက်အောက် ခံ၊ ခလရ ၉၄ တပ်ရင်း ယာယီ အခြေပြုစခန်း၊ သဲပုံကျေးရွာအနီး၊ တပ်မ ၅၅ လက်အောက်ခံ၊ ခလရ ၉၄ တပ်ရင်း ယာယီအခြေပြုစခန်း၊ မျောက်တောင်ကျေးရွာအနီး၊ တပ်မ ၅၅ လက်အောက်ခံ၊ ခလရ ၉၄ တပ်ရင်း ယာယီအခြေပြုစခန်း၊ ခမရ ၅၃၉ ကန် စောက်တပ်၊ ကျီးကန်းတောင်ကြောနှင့် အပေါက်ဝရဲ စခန်းတို့ဖြစ်သည်။
ဓာတ်ပုံ – AA Info Desk