ရှမ်းအရှေ့က တရုတ် – မြန်မာ အဓိကကုန်သွယ်ရေးနယ်စပ်လမ်းကြောင်းဖြစ်လာမလား. . . . .?
*************************
ဘုန်းမောင်
ဇန်နဝါရီ ၂၅ ၊ ၂၀၂၄။
ရှမ်းမြောက်ဒေသတွင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့ကြား တရုတ်၏ကြားဝင်စေ့စပ်ပေးမှုကြောင့် ”ဟိုက်ဂင်သဘောတူညီချက်”အရယာယီအပစ်အခတ်ရပ်စဲဖို့သဘောတူထားသော်လည်း နယ်စပ်ကုန်သွယ်ရေးများ ပုံမှန်ဖြစ်လာဖို့မလွယ်ကူနိုင်သေးပေ။
”၁၀၂၇ စစ်ဆင်ရေး” စတင်ပြီးနောက်ပိုင်း မြန်မာ – တရုတ်နယ်စပ်ကုန်သွယ်ရေးတွင် အဓိကအကျဆုံးဖြစ်သော ကုန်သွယ်ရေးလမ်းကြောင်းများဖြတ်တောက်ခံထားရသည့်နည်းတူ မြန်မာ -တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ အချက်အချာအကျဆုံးသော သိန္နီမြို့ကိုလည်း မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့များက သိမ်းပိုက်ထားနိုင်ခဲ့သည့်အပြင် နယ်စပ်ကုန်သွယ်ရေးတွင်အရေးပါသည့် ချင်းရွှေဟော်နှင့် ကျူကုတ် (ပန်ဆိုင်း)စသည့် မြို့များကိုလည်း တိုင်းရင်းသားညီနောင်မဟာမိတ်တပ်ဖွဲ့များကသိမ်းပိုက်နိုင်ခဲ့သည်။
လောက်ကိုင်မြို့ကို ညီနောင်မဟာမိတ်တပ်များကသိမ်းပိုက်လိုက်ပြီးနောက်ပိုင်း ကိုးကန့်ဒေသတွင်းစစ်ကောင်စီ ကထုတ်ပြန်ထားသည့်အမိန့်မှန်သမျှကို MNDAA က ပယ်ဖျက်လိုက်ပြီးအထူးကိုယ်ပိုင်အုပ်ချုပ်ရေးတစ်ရပ်ထူ ထောင်လိုက်သည်။
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်၏ ပြန်ကြားရေးတာဝန်ခံ လီကျားဝင်း ကလည်းရှမ်းပြည် နယ်မြောက်ပိုင်းတွင် ကုန်သွယ်ရေးလုပ်ငန်းများပြန်ပြီးလည်ပတ်နိုင်ရန်ဆိုသည်ကမဖြစ်နိုင်သေးဟု ပြီးခဲ့သော ဒီဇင်ဘာ ၁၄ ရက်က ပြည်တွင်းမီဒီယာများကို ပြောဆိုထားသည်။
မြန်မာနှင့် တရုတ်နိုင်ငံသည် မိုင်ပေါင်း ၁၃၀၀ ကျော်နယ်နိမိတ်ချင်းထိစပ်နေပါသည်။ မြန်မာ -တရုတ်နယ်စပ်တွင် မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီ၊ လွယ်ဂျယ်၊ ကျိုင်းတုံမြို့များသည်တရားဝင်နယ်စပ်ကုန်သွယ်ရေးလမ်း ကြောင်းများဖြစ်ပြီး အဆိုပါလမ်းကြောင်းများ၏ကုန်သွယ်မှုတန်ဖိုးသည် စုစုပေါင်းနယ်စပ်ကုန်သွယ်မှု၏ ၃၀ ရာ ခိုင်နှုန်းရှိသည်။
မြန်မာ – တရုတ်နယ်စပ်တွင် ကုန်သွယ်မှုအများဆုံးပြုလုပ်သောလမ်းကြောင်းက ရှမ်းပြည်မြောက်ပိုင်း၊မူဆယ် ၁၀၅ မိုင်နှင့် ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများဖြစ်သည်။ မြန်မာ -တရုတ်နယ်စပ်ကုန်သွယ်မှု များအတွက် ငွေပေးချေမှုကို တရုတ်ယွမ်၊ အမေရိကန်ဒေါ်လာများဖြင့်ဆောင်ရွက်လျက်ရှိနေပြီး ပဲ၊ ပြောင်း၊ နှမ်း နှင့် အခြားလယ်ယာထွက်ကုန်ပစ္စည်းများအပြင် ကဏန်း၊
ငါးရှဥ့် စသည့် ရေထွက်ပစ္စည်းများကိုလည်း ကုန်သွယ်မှု ပြုလုပ်နေသည်။
စစ်ကောင်စီ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ Websiteတွင်ဖော်ပြထားသောအချက်အလက် များအရ ယခု ၂၀၂၃ – ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း မူဆယ် ၁၀၅မိုင်နယ်စပ်ကုန်သွယ်ရေးကနေ ၁ ရက်လျှင် အပြန် အလှန်ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၇သန်းရှိပြီး ၁ လအတွက်ပျမ်းမျှ အပြန်အလှန်ကုန်သွယ်မှုတန်ဖိုးက အမေရိကန်ဒေါ်လာ ၂၁၁ ဒဿမ ၉သန်းရှိသည်ဟု သိရသည်။
”၁၀၂၇ စစ်ဆင်ရေး”မစတင်ခင် အောက်တိုဘာ ၂၄ ရက်အထိ မူဆယ် ၁၀၅ မိုင်နယ်စပ်ဂိတ်ကနေအများဆုံးတင် သွင်းခဲ့သော ကုန်စည်ပစ္စည်းများမှာ ဝါဂွမ်း၊ ငါးရှဥ့်၊ ချဥ်ပေါင်ဖာလာ၊ ကဏန်း၊ ဆန်၊နနွင်းတက်၊ ဆန်ကွဲ၊ ရှောက် ကောသီး၊ ရေခဲပုစွန်နှင့် ဆီးသီးခြောက်တို့ဖြစ်ကြသည်။
အများဆုံးတင်သွင်းခဲ့သည့်သွင်းကုန်ပစ္စည်းများကတော့ ဒီဇယ်မီးစက်၊ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ယာဥ်နှင့်ယာဥ်ယန္တရား များ၊ စပျစ်သီး၊ ဆိုလာပြား၊ မီးခံအုတ်၊ ဖိနပ်မျိုးစုံ၊ လိမ္မော်သီးနှင့် ဘတ္ထရီ တို့ဖြစ်ကြသည်။
ချင်းရွှေဟော် သည် မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်ရေးတွင်ဒုတိယအကြီးဆုံးလမ်းကြောင်းတစ်ခုဖြစ်ပြီး ၁ ရက် လျှင် နယ်စပ်ကုန်သွယ်ရေးတန်ဖိုးကအမေရိကန်ဒေါ်လာ ၃ ဒဿမ ၃၄ သန်းရှိပြီး ၁ လလျှင် အမေရိကန်ဒေါ်လာ ၁၀၀ ဒဿမ ၄၂သန်းရှိသည်။
ချင်းရွှေဟော်နယ်စပ်ဂိတ်ကနေ တရုတ်နိုင်ငံဘက်သို့ အများဆုံးတင်သွင်းသော ကုန်ပစ္စည်းများမှာပြောင်း၊ ဆန်၊ ရာဘာ၊ နှမ်းနက်၊ ဝ,ဥခြောက်၊ ပဲတီစိမ်း၊ မြေပဲ၊ ဆန်ကွဲစသည့်လယ်ယာထွက်ကုန်များဖြစ်ပြီး တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံကိုအများဆုံးတင်ပို့သည့်ကုန်ပစ္စည်းများကတော့ ချည်ထည်၊ ပလတ်စတစ်ကုန်ကြမ်း၊ စက်ပစ္စည်း၊ဆေးဝါးနှင့် ဓာတ်မြေဩဇာတို့ဖြစ်ကြသည်။
အထက်ဖော်ပြပါ မူဆယ် ၁၀၅ မိုင် နှင့် ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးဂိတ် ၂ ဂိတ်ကကုန်သွယ်မှုတန်ဖိုးမှာ ၁ ရက်လျှင် အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်ရှိပြီး ”၁၀၂၇ စစ်ဆင်ရေး”၂လနီးပါးကာလအတွင်း အမေရိကန်ဒေါ် လာသန်း ၅၀၀ ကျော်နစ်နာဆုံးရှုံးခဲ့ရသည်။
”၁၀၂၇ စစ်ဆင်ရေး”မစတင်ခင် အောက်တိုဘာ ၁၄ ရက်ကနေ အောက်တိုဘာ ၂၄ ရက်အထိချင်းရွှေဟော်နယ်စပ် ဂိတ်ကတဆင့် တရုတ်နိုင်ငံဘက်သို့တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၆ ဒဿမ ၈၃၇သန်းရှိခဲ့ပြီး တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံသို့တင်သွင်းကုန်သွယ်မှုတန်ဖိုးက အမေရိကန်ဒေါ်လာ ၂၃ဒဿမ ၁၁၁ သန်းရှိခဲ့သည်ဟု စစ်ကောင်စီ ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏
စာရင်းဖော်ပြချက်များအရ သိရသည်။
အဆိုပါအချက်အလက်များကဖော်ပြနေသည်မှာ တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံသို့တင်သွင်းမှုက ၃ဆကျော်ရှိနေ ပြီး တရုတ်နိုင်ငံဘက်က နေ့စဥ်အမေရိကန်ဒေါ်လာများဆုံးရှုံးနေရသည်ကိုတွေ့မြင်နိုင်ပါသည်။
စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသောစာရင်းအရ၂၀၂၃ – ၂၀၂၄ ဘဏ္ဍာနှစ် (ဧပြီလ – နိုဝင်ဘာလ)အတွင်း ကျိုင်းတုံနယ်စပ်ဂိတ်ကနေကုန်သွယ်မှုတန်ဖိုးက ၁၀ ဒဿမ ၃၈၇ သန်း ရှိခဲ့ပြီး တာချီလိတ်နယ်စပ်ကုန်သွယ်မှုစခန်းကနေကုန်သွယ်မှုတန်ဖိုးမှာ ၁၀၄ ဒဿမ ၁၉၉ သန်းရှိခဲ့သည်။
အဆိုပါ ၂၀၂၃ – ၂၀၂၄ ဘဏ္ဍာနှစ် (ဧပြီလ – နိုဝင်ဘာလ)အတွင်း နယ်စပ်ဂိတ်များအားလုံးကနေတရုတ်နိုင်ငံနှင့် ကုန်သွယ်မှုတန်ဖိုးက ၅၅၆၇ ဒဿမ ၀၉၇ သန်းရှိသည်။
ရှမ်းပြည်မြောက်ပိုင်းတွင်ဖြစ်ပွားခဲ့သော ရက်ပေါင်း ၇၀ ကျော်တိုက်ပွဲများအတွင်း စစ်ကောင်စီနှင့်မြောက်ပိုင်းညီ နောင်မဟာမိတ်တပ်ဖွဲ့များ ကူမင်းမြို့တွင် ဆွေးနွေးပွဲများ ၃ ကြိမ်ပြုလုပ်ခဲ့ရသည်။၎င်းဆွေးနွေးပွဲများတွင် ထင်ရှား သိသာသော တရုတ်၏လိုအင်ဆန္ဒက မန္တလေး -မူဆယ်လမ်းမကြီးပြန်ဖွင့်နိုင်ရေးနှင့် နယ်စပ်ကုန်သွယ်ရေးအမြန် ဆုံးပြန်လည်စတင်နိုင်ရေးဖြစ်သည်။
နယ်စပ်ကုန်သွယ်ရေးကိစ္စကို တကယ်တမ်းဖြေရှင်းဖို့ဆိုလျှင် လားရှိုးပြဿနာကိုအရင်ဆုံးဖြေရှင်းနိုင်ဖို့လိုကြောင်း နှင့် လားရှိုးရှိစစ်ကောင်စီတပ်များ လောက်ကိုင်နည်းတူလားရှိုးမြို့ကထွက်ခွာပေးနိုင်မှသာ တရုတ်နှင့်ကုန်သွယ် ရေးလမ်းကြောင်းကိုပြန်ပြီးစဥ်းစားနိုင်မည့်အခြေအနေ ရောက်ရှိလာမည်ဖြစ်ကြောင်းနှင့် လားရှိုးကိစ္စပြီးမှသာ ”ဝ”ဦးဆောင်သော FPNCC (ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ)အဖွဲ့ဝင် EAOs များကစီးပွားရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများလုပ်ဆောင်သွားလိမ့်မည် ဟု နိုင်ငံရေးလေ့လာသုံးသပ်သူဦးသန်းစိုးနိုင် က ပြောသည်။
”ရှမ်းမြောက်ဒေသရဲ့ စစ်ရေးပဋိပက္ခက အခုက မပြီးသေးဘူးပေါ့ဗျာ။ လားရှိုးကျန်နေတာပေါ့။တကယ်လို့လားရှိုး ကို လောက်ကိုင်လိုပဲ အရှုူံးပေးပြီဆိုလို့ရှိရင် ဒီလမ်းကြောင်းပေါ်မှာရှိတဲ့ကုန်သွယ်ရေးစခန်း ၄ ခုပေါ့ဗျာ၊ ပွင့်လန်း သွားမယ့်အခြေအနေရှိပါတယ်။ အဲဒီလိုပွင့်လန်းသွားမယ်ဆိုရင်WUSA နဲ့ မိုင်းလားနဲ့ တရုတ်ပြည်နဲ့ ဆက်သွယ်ရေး၊ ကုန်သွယ်ရေးကိုလည်း ပြန်သွားမှာဖြစ်ပါတယ်။ဆိုလိုတာကတော့ ဒီအဖွဲ့တွေအားလုံးဟာ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဆောင်သွားလိမ့်မယ်လို့ ယူဆပါတယ်” FPNCC (ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ)တွင် ”ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ရှမ်း/ရှေ့ အထူးဒေသ၄ – ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ၊ (PSC)၊ ရှမ်း ပြည်တိုးတက်ရေးပါတီ (SSPP)၊မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသောအမျိုးသားပါတီ(MNTJP)၊ ရခိုင် အမျိုးသားအဖွဲ့ချုပ်(ULA)နှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF) တို့ပါဝင်ပါသည်။
တစ်နှစ်တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ဘီလီယံဆယ်နှင့်ချီကုန်သွယ်နေသောကုန်သွယ်ရေးလမ်းကြောင်းများ အမြန်ဆုံးပြန်ဖွင့်နိုင်ရေးအတွက် ယူနန်ပြည်နယ်ကုန်သည်ကြီးများအသင်းက ယူနန်ပြည်နယ်အစိုးရကို ဖိအားပေး နေသည်ဟုလည်း သိရသည်။
ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲများကြောင့် မြန်မာ – တရုတ်နယ်စပ်ကုန်သွယ်ရေးတွင်မြောက်ပိုင်းရှိနယ်စပ်ကုန်သွယ် ရေးလမ်းကြောင်းများကို ယခင်ကလောက်အားကိုးအားထားမပြုနိုင်တော့ပေ။
”အခုလက်ရှိအနေအထားက လားရှိုးရဲ့ဟိုဘက်က Communication တွေကအကုန်လုံးနီးပါးပြတ်သလောက် ဖြစ်နေတယ်။ ဒီဘက်တွေမှာက အခု မူဆယ်တို့နမ့်ခမ်းတို့ဆိုရင်ပိုဆိုးတာပေါ့။ ဒီကြားထဲမှာဆိုလို့ရှိရင် အီနိုင်းကနေတဆင့်သွားတဲ့လမ်းကြောင်းတွေကိုပါ အကုန်ဖြတ်ထားတာ”ဟု လုံခြုံရေးအရအမည်မဖော်လိုသူအသက် ၄၀ နှစ်အရွယ် လားရှိုးမြို့ခံအမျိုးသား ၁ ဦးကပြောသည်။
”၁၀၂၇ စစ်ဆင်ရေး” စတင်ပြီးနောက်ပိုင်း မြန်မာ -တရုတ်နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများရပ်ဆိုင်းသွားသဖြင့် ၅ နှစ်ကြာပိတ်ဆို့ထားခဲ့သော ကျိုင်းတုံ -မိုင်းလားကုန်သွယ်ရေးလမ်းကြောင်းက အဓိကကျသောကုန်သွယ်ရေးလမ်း ကြောင်းဖြစ်လာသည်။
မိုင်းလားမြို့သည် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် – NDAA အုပ်ချုပ်နေသောရှမ်းပြည်နယ်အရှေ့ ပိုင်း၊ အထူးဒေသ ၄ ထဲကမြို့တစ်မြို့ဖြစ်သည်။ NDAA လက်အောက်တွင်မိုင်းလားဒေသ၊ ဆီလူးဒေသ၊ နမ့်ပန်း ဒေသဆိုသည့်ဒေသ ၃ ခုရှိပြီး ဗဟိုအစိုးရကလည်း NDAA ကိုဝင်ရောက်စွက်ဖက်နိုင်ခဲ့သည်မျိုးမရှိခဲ့ပါ။
NDAA သည် ၎င်းတို့ဒေသကို ၎င်းတို့၏ကိုယ်ပိုင်တပ်၊၎င်းတို့၏ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်များဖြင့်အုပ်ချုပ်နေသော် လည်း မြန်မာနိုင်ငံ၏ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်းမှာတော့ MDAA အုပ်ချုပ်သောနယ်မြေများ၏ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကိုထည့်သွင်းအတည်ပြုထားခြင်းမရှိပါ။
ထိုင်း၊ မြန်မာ၊ လာအို၊ တရုတ်နိုင်ငံနယ်စပ်တလျှောက်ဖြတ်သန်းစီးဆင်းနေသောမဲခေါင်မြစ်သည် NDAA၏ အထူး ဒေသ ၄ တလျှောက် ဖြတ်သန်းစီးဆင်းနေပြီး တစ်ဘက်ကမ်းမှာတော့လာအိုနိုင်ငံတည်ရှိပါသည်။ အထူးဒေသ ၄၊ နမ့်ပန်းဒေသအတွင်း ဆွတ်လွေဟုခေါ်ဆိုသောဆိပ်ကမ်းတစ်ခုလည်းတည်ရှိနေပြီး ထိုင်းနှင့် တရုတ်နိုင်ငံအကြား အပြန်အလှန်တင်ပို့နေကြသည့်စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများတင်ဆောင်ထားသည့် သင်္ဘောများမဲခေါင်မြစ်အတွင်းဖြတ်သန်းသွားလာနေပါသည်။
မြန်မာပိုင်နက်အတွင်း ၆၂ မိုင်ကျော်ဖြတ်သန်းစီးဆင်းနေသော မဲခေါင်မြစ်သည်မြန်မာအစိုးရ၏ဗဟိုချုပ်ကိုင်မှု အောက်ရှိမနေဘဲ NDAA အုပ်ချုပ်သည့်နယ်နိမိတ်အတွင်းမှာသာရှိနေသည်။ ထိုင်းနှင့် တရုတ်နိုင်ငံကြား ကူးသန်း သွားလာနေကြသော သင်္ဘောများစွာထဲကမှအချို့သင်္ဘောများကတော့ အထူးဒေသ ၄ အတွင်းရှိ ဆွတ်လွေ ဆိပ်ကမ်းတွင်ရပ်နားပြီးကုန်ပစ္စည်းများချလေ့ရှိကြသည်ဟု သိရသည်။
မြောက်ပိုင်းနယ်စပ်ကုန်သွယ်ရေးစခန်းများ အလုပ်မဖြစ်တော့သည့်အချိန်တွင် ရှမ်းအရှေ့သည် မြန်မာ -တရုတ် နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကလမ်းကြောင်းတစ်ခုဖြစ်လာပါသည်။
မြန်မာနိုင်ငံအလယ်ပိုင်းကကုန်စည်များ ရှမ်းပြည်နယ်တောင်ပိုင်းကိုဖြတ်၍ ရှမ်းအရှေ့ကတဆင့်တရုတ်သို့တင်ပို့ နေသည့်အခြေအနေများနှင့်ပတ်သက်၍လည်း အမည်မဖော်လိုသူ တာချီလိတ်မြို့ရှိကုန်သည်လုပ်ငန်းရှင် ၁ ဦးက”ပြည်မကလာတဲ့ကုန်တွေက တောင်ကြီးကနေတဆင့် နမ့်စန်၊ ကွန်ဟိန်းတို့ကနေလာတာပါ။ပြည်မကလာတဲ့ ကုန်တွေက တောင်ကြီးကိုရောက်မယ်။ ပြီးရင် ကျိုင်းတုံကို ရောက်မယ်။ ကျိုင်းတုံကနေမိုင်းလားကိုသွားတာပါ။ ရှေ့ဆက်ကတော့ ပိုပြီးကောင်းမယ့် အနေအထား ရှိပါတယ်။ကုန်သွယ်မှုပေါ့နော်။ ရှမ်းအရှေ့က တည်တည်ငြိမ်ငြိမ် ဖြစ်နေတော့ ကုန်သွယ်မှုကော၊ခရီးသွားလာရာမှာကော အကုန် အဆင်ပြေပြေရှိပါတယ်” ဟုပြောသည်။
”၁၀၂၇ စစ်ဆင်ရေး”စတင်ပြီးနောက်ပိုင်း မူဆယ် ၁၀၅ မိုင်နှင့် ချင်းရွှေဟော်နယ်စပ်ဂိတ်များအပါအဝင်မြန်မာ – တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများပိတ်ဆို့သွားသောကြောင့်အခြားလမ်းကြောင်းများက ပြောင်းလဲ တင်ပို့ခွင့်ပြုသည်ဟု ပြီးခဲ့သော နိုဝင်ဘာ ၈ ရက်ကစစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် – NDAA ၏ မိုင်းလားအခွန်ဌာနကလည်း၎င်းတို့ထိန်းချုပ်ထားရာ အထူးဒေသ ၄ ဘက်ကနေ တရုတ်နိုင်ငံသို့ကုန်ပစ္စည်းများတင်ပို့ပါက နိုဝင်ဘာ၁၃ ရက်ကစပြီး ကုန်စည်စည်းကြပ် ခွန်ထက်ဝက် လျှော့ချပေးမည်ဟုထုတ်ပြန်ခဲ့သည်။ရှမ်းပြည်မြောက်ပိုင်းတွင်ဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့် မြန်မာ -တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများရပ်ဆိုင်းသွားချိန်၌ မိုင်းလား – တရုတ်လမ်းကြောင်းပေါ်တွင် ကုန်တင်ပို့မှုပိုမိုများပြားလာသည်။
ရှမ်းအရှေ့ – တရုတ်နယ်စပ်ကုန်သွယ်ရေးနှင့်ပတ်သက်ပြီး လုံခြုံရေးအရအမည်မဖော်လိုသူတာချီလိတ်မြို့ရှိ ကုန် သည်လုပ်ငန်းရှင် ၁ ဦးက”ကောင်းတယ်ဗျ။ အရင်ထက်စာရင်အရမ်းကိုကောင်းပါတယ်။ ထိုင်းနဲ့လည်းကောင်း တယ်။ တရုတ်နဲ့လည်းကောင်းပါတယ်။ ကျွန်တော်တို့တာချီလိတ်အနေနဲ့တော့ ထိုင်းကိုအများဆုံးပို့တာပါ။ ပြီးရင် တော့ တရုတ်ပေါ့။ လာအိုကတော့ ပို့တာမရှိသလောက်ပါပဲ။ ထိုင်းနဲ့ တရုတ်ပဲ အဓိကပို့ရတာပေါ့”ဟု ပြောသည်။
တရုတ်နှစ်သစ်ကူးကာလနီးကပ်လာပြီဖြစ်သော ယခုလိုအချိန်များတွင် တရုတ်နိုင်ငံ၏မြန်မာနိုင်ငံကသစ်သီးဝလံဝယ်လိုအားများ ပြန်လည်မြင့်တက်လာခဲ့သည်။ ပြီးခဲ့သည့်ဒီဇင်လနှောင်းပိုင်းနှင့် ဇန်နဝါရီအစပိုင်းကာလများတွင် ဖရဲ၊ သခွား(သခွားမွှေး) ငှက်ပျောနှင့်
အခြားသစ်သီးဝလံများကို ကျိုင်းတုံ၊ လွယ်ဂျယ်နှင့် ကန်ပိုက်တီနယ်စပ် တို့ကတဆင့် တရုတ်နိုင်ငံသို့တန်ချိန် ၃၅,၀၀၀ ဝန်းကျင်တင်ပို့နိုင်ခဲ့ပြီး တာချီလိတ်၊ မောင်တောနယ်စပ်တို့က တဆင့် ထိုင်းနိုင်ငံသို့လိမ္မော်သီး၊ ထောပတ်သီး၊ ငှက်ပျောသီးများတင်ပို့ခဲ့၍ တစ်ပတ်အတွင်း သစ်သီးဝလံတင်ပို့မှုတန်ဖိုးစုစုပေါင်း အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်အထိရှိခဲ့သည်ဟု စစ်ကောင်စီ၊ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
မန္တလေး၊ စစ်ကိုင်း၊ လှည်းကူး၊ မိတ္ထီလာ စသည့်ဒေသများကလည်းဖရဲသီးများထွက်ရှိနေပြီဖြစ်သောကြောင့် မိုင်းလား၊ လွယ်ဂျယ်နယ်စပ်ဂိတ်များကတင်ပို့နေသော်လည်းလမ်းကြောင်းဝေးသည့်အပြင် ကုန်ကျစရိတ်များ လည်း ၃၊ ၄ ဆခန့်မြင့်တက်သွားသည်ဟု သိရသည်။
”ဖရဲတွေဘာတွေကတော့ မိုင်းလားဘက်ကပို့တာပဲများတယ်။ လွယ်ဂျယ်ဘက်ကလည်း ပို့တယ်။ကုန်စိမ်းတွေကျတော့ အောက်ပြည်ကနေ အဲ့အထိကို အပြီးအစီးကို သိန်း ၁၃၀ လောက်သွားတယ်။ကားခရော ဘာရော ကာစတန် ကြေးတွေကော အခွန်ခတွေကော။ အသွားအပြန် မဟုတ်ဘူး။ဒီကတင်ပေးတဲ့ တစ်ကြောင်းပေါ့။ ပြီးတော့မှ ကား သမားက ခါလီပြန်ဆင်းလာရင် ပြန်ဆင်းလာတာပေါ့။အရင်ကဆိုရင် ကားခက အများဆုံးမှာ ၃၀၊ ၄၀ ပေါ့။ အများ ဆုံးမှ အဲ့လောက်ပဲပေါက်တာ။ အခုကဂျူတီကြေးတွေကော ဘာတွေကောဆိုတော့ ၁၀၀ ကျော်လောက်ဟသွား တာပေါ့”ဟု ပဲခူးအရှေ့ခြမ်းကအသက် ၄၀ အရွယ် ဖရဲသီးကုန်သည်တစ်ဦးကပြောသည်။
မြန်မာနိုင်ငံအလယ်ပိုင်းကကုန်စည်များ ရှမ်းပြည်နယ်တောင်ပိုင်းကိုဖြတ်၍ ရှမ်းအရှေ့ကတဆင့်တရုတ်သို့တင်ပို့ ရာတွင် ယခင်ကထက် ငွေကုန်ကြေးကျများသလို အချိန်ကုန်ဆုံးမှုလည်းပို၍များပါသည်။ သို့သော် အရင်းအနှီး ကြီးကြီးမားမားအကုန်အကျခံပြီး စိုက်ပျိုးထားရသောရာသီပေါ်သီးနှံများ ငွေပြန်ပေါ်ရန်ကလည်း စိုက်ပျိုးရေး လုပ်ငန်းရှင်များအတွက် အရေးကြီးသလိုကုန်သည်များအတွက်လည်း အရေးကြီးပါသည်။ လက်ရှိမှာတော့ မူဆယ် ၁၀၅ မိုင်ဂိတ်ကပြန်လည်လမ်းပွင့်နိုင်ဖို့ မမျှော်လင့်နိုင်သေးကြောင်း အဆိုပါ ဖရဲသီးကုန်သည်ကပြောသည်။
”လောလောဆယ်တော့ မူဆယ် ၁၀၅ မိုင်က ဖွင့်ဖြစ်မှာတော့မဟုတ်သေးဘူးဗျ။ အရင်ကတော့ မူဆယ်၁၀၅ မိုင်က နေပစ္စည်းတွေရောင်းတော့ တက်တာတော့များတာပေါ့။ အခုကတော့ မူဆယ်ကတော့ဖွင့်ဖြစ်ဖို့ကမကျိန်းသေသေး သေးဘူးပေါ့။ ဘယ်လိုအခက်အခဲဖြစ်လဲဆိုတော့ ကိုယ်စိုက်တဲ့ဟာကိုယ်မစားရဖြစ်သွားတာပေါ့။ တချို့ဆိုရင် ဒီ ကုန်စိမ်းတွေက အလကားနီးနီးကို ပို့သလိုဖြစ်နေတယ်။တစ်ခါတစ်ခါကျရင် ကားခတောင်မကျန်ဘူး။ ကိုယ်က စိုက်ရတာတွေရှိတယ်။ လမ်းခရီးလည်းကြန့်ကြာတာတွေရှိတယ်။ အရင်ကတော့ မူဆယ်ထိဆိုရင် ၃၊ ၄ ရက်ပေါ့။ အခုဟာက ဟိုအထိရောက်ဖို့ကို၆ ရက် ၇ ရက်လောက်ကြာတယ်” ဟုပြောသည်။
ပြည်တွင်းကုန်ဈေးနှုန်းများမြင့်တက်နေသည့်အပြင်နယ်စပ်ကုန်သွယ်ရေးများလည်းပြတ်တောက်နေသည့် အတွက် ကုန်သည်များအနေဖြင့်လည်းမီးစင်ကြည့်နေရသည်။
မြန်မာနိုင်ငံရှိ နယ်စပ်ကုန်သွယ်ရေးများ၏ သွင်းကုန်၊ ပို့ကုန်စာရင်းများနှင့် ငွေစာရင်းများကိုစစ်ကောင်စီ၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန Website တွင်ဖော်ပြထားသော်လည်းမိုင်းလားနယ်စပ်ကုန်သွယ်ရေး ဆိုင်ရာအချက်အလက်များကိုတော့ မဖော်ပြထားသဖြင့်အသေးစိတ်မသိရသေးပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက် ၂၀၁၆ ခုနှစ်တွင် ”ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် – UWSA က မိုင်းလားကိုဝင်ရောက်၍ ခေတ္တတပ်စွဲခဲ့သဖြင့်ကျိုင်းတုံ – မိုင်းလားလမ်းကြောင်းကို မြန်မာစစ်တပ်က ပိတ်ဆို့ထားခဲ့ပြီး အာဏာသိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။