ကောလင်းမြို့အဖိခံနေရ၍ ကန့်ဘလူတွင်
စခန်းသိမ်းထိုးစစ်ဖော်ဆောင်
******************************
Saw Smith
ဖေဖော်ဝါရီ ၈ ၊ ၂၀၂၄ ။
ကန့်ဘလူ၌ စခန်းသိမ်းထိုးစစ်ဆင်နေသောကြောင့် စစ်ကောင်စီ၏ လေကြောင်းပစ်ကူသည် ယနေ့တွင် ကောလင်းဘက်မရောက်တော့သည့်အပြင် စစ်ကူစစ်ကြောင်းတချို့နှင့် လက်နက်ကြီးပစ်ကူများသည်လည်း ကန့်ဘလူဘက်ကို ပိုမိုအားစိုက်လာခဲ့ရသည်ဟု ဒေသခံကာကွယ်ရေးတပ်များထံက သိရသည်။
သိမ်းပိုက်ခံထားရသည့် ကောလင်းမြို့ကို စစ်ကောင်စီက မြေပြင်၊ ဝေဟင်တို့မှ အင်အားအလုံးအရင်းဖြင့် ဖေဖော်ဝါရီ ၃ ရက်ကတည်းက နေ့စဥ်ရက်ဆက် ထိုးစစ်ဆင်နေသောကြောင့် ယမန်နေ့ ညနေပိုင်း ၅ နာရီခန့်တွင် ကန့်ဘလူမြို့နယ် ချပ်သင်းပျူရွာ အထိုင်တပ်စခန်းကို ပူးပေါင်းတပ်များက ထိုးစစ်ဆင်နေခဲ့ခြင်းဖြစ်သည်။
” သူတို့က ကောလင်းကို တအားဖိနေတဲ့အခါကျတော့ ချပ်သင်းဘက်မှာ ထိုးစစ်ဆင်တိုက်တာ။ လေကြောင်းပစ်ကူက အခုလောလောဆယ်က ကောလင်းကို ပစ်မကူနိုင်ဘူးဗျ။ ချပ်သင်းမှာပဲ ပစ်ပစ်ပြီး ပြန်သွားတာ “ဟု ကန့်ဘလူမြို့နယ် ပကဖ တာဝန်ရှိသူတစ်ဦးက ပြောသည် ။
ချပ်သင်းပျူရွာတွင် စစ်ကောင်စီနှင့် ပျူစောထီး အင်အား ၈၀ ကျော်ရှိပြီး လက်ရှိထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများသည်ဟု ၎င်းက ဆက်လက်ပြောသည် ။
ထို့ကြောင့် စစ်ကောင်စီ၏ ကန့်ဘလူ ၆၀၀၆ တပ်ရင်းမှ စစ်ကား ၆ စီးနှင့် ဟောင်ဝှစ်ဇာ ပစ်ကူများ ၁၀၀ ကျော်ထိ ပေးခဲ့သည့်အပြင် လေကြောင်းမှလည်း ယမန်နေ့ ညပိုင်းနှင့် ယနေ့ နေ့လည်ပိုင်းထိ ပစ်ကူ ၅ ကြိမ်ထိ လာရောက်ခဲ့သည် ။
ကာကွယ်ရေးပူးပေါင်းတပ်များက ချပ်သင်းရွာထိုးစစ်ဆင်နေသည့်အပြင် ကျွန်းလှသို့ရောက်ရှိနေသည့် အင်အား ၂၀၀ ခန့်ရှိ စစ်ကြောင်းကိုလည်း ကောလင်းဘက်မသွားနိုင်ရန် ကြားဖြတ်တိုက်ခိုက်နေရာ အဆိုပါစစ်ကြောင်းမှာ ထွက်လာလိုက်၊ ပြန်ဝင်လိုက်ရ ဖြစ်နေသည်ဟု သိရသည်။
စစ်ရေးအရအရေးပါသည့် စစ်ကိုင်းတိုင်းအတွင်းရှိ ခရိုင်မြို့ကြီးတစ်ခုဖြစ်သော ကောလင်းမြို့ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၆ ရက်တွင် ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ပြန်လည်ထိုးစစ်ဆင်နေခြင်းဖြစ်သည်။
” တောင်ဘက်ခြမ်းအင်အားက ဟတ်စကီးတွေနဲ့လာချတာ ကိုးတောင်ဘို့ဘက်ကနေ ၄၀၀ ကျော် လောက်ရှိတယ်။ ကောလင်းမြောက်ဘက်ခြမ်း ဝန်သိုဘက်ကနေ ၃၀၀ ကျောတယ် “ဟု ကောလင်းမြို့သို့ စစ်ကြောင်းထိုးနေမှုကို ဒေသခံ ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည် ။
စစ်ကောင်စီ၏ ဝန်သိုမြို့အထိုင်တပ်မှ ယမန်နေ့ ညပိုင်းတွင် ဟောင်ဝှစ်ဇာဖြင့် အချက်ရေ ၅၀ ကျော် ပစ်ခတ်ခဲ့သည့်အပြင် ကောလင်းမြောက်ဘက်ရှိစစ်ကြောင်းများကလည်း ယနေ့တွင် ကောလင်းမြို့ကို ထိုးဖောက်နေပြီဖြစ်သည်ဟု စစ်ကောင်စီဝါဒဖြန့် သတင်းဌာနများတွင်ဖော်ပြထားသည်။
” မြို့ထဲကိုဝင်ရောက်နိုင်ပြီလားလို့မေးရင် မဟုတ်သေးပါဘူးဗျ။ မြို့ပြင်အစွန်ကျတဲ့ရပ်ကွက်ကို ဝင်တာကဟုတ်ပါတယ် ။ လေကြောင်းတိုက်ခိုက်မှုက ဒီနေ့ကောလင်းကိုတော့မရှိသေးဘူးဗျ ” ဟု ကောလင်းဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ညနေ ၄ နာရီခန့်တွင်ပြောသည် ။
ကောလင်းမြို့ကို လက်လွှတ်ဆုံးရှုံးရပြီးနောက် စစ်ကောင်စီသည် အကြိမ်ကြိမ် ပြန်လည်ထိုးစစ်ဆင်နေခဲ့ရာ ယခုအကြိမ်တွင် မြေပြင်စစ်ကြောင်း အများအပြားအသုံးပြုနေသည့်အပြင် လေကြောင်းမှလည်း နေ့စဥ်နီးပါးလာရောက်၍ပစ်ကူပေး ထိုးစစ်ဆင်နေသည်။
ပုံစာ-ကောလင်းမြို့ကို သိမ်းပိုက်ပြီးနောက် ပြည်သူ့တော်လှန်ရေးတပ် အလံတော်လွှင့်ထူထားသည်ကို နိုဝင်ဘာလ ၆ရက်တွင် NUG ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြထားမှု ။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3277
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=7564