နန်းဆုပန်ခန့်
ဖေဖော်ဝါရီ ၉၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ – အမြင့်လမ်းဘေးရှိ လယ်တော်ကျေးရွာဒေသခံ ၄ ဦးကို စစ်ကောင်စီလက် အောက်ခံ ပျူစောထီးအဖွဲ့ဝင်များက ဖမ်းဆီးသွားသည်ဟု ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်တွင် တောပုရွာက ပျူစောထီးများသည် ဘုဘကျေးရွာနှင့် လယ်တော် ကျေးရွာ ကို အင်အား ၁၀၀ ကျော်ဖြင့် ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့သည်။
ထို့နောက် ဖေဖော်ဝါရီ ၃ ရက်တွင် လယ်တော်ကျေးရွာနေ အသက် ၁၄ နှစ်အရွယ်အပါအဝင် ဒေသခံ ၄ ဦးကို ပျူစောထီးအဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဒေသခံ အမျိုးသား ၁ ဦးက သံလွင်ခက် ကို ပြောသည်။
၎င်းက “ ဓားစာခံ ၄ ယောက်ကတော့ အခုထိပြန်မလွတ်သေးဘူး။ တစ်ချို့ကလည်း သတ်ပစ်လိုက်ပြီတဲ့ပြောနေကြတာ။ ဘယ်ကိုဖမ်းခေါ်သွားလဲမသိရဘူး ” ဟု ပြောသည်။
ဖမ်းဆီးခေါ်ဆောင်ခံရသည့်ဒေသခံများသည် အမျိုးသားများဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ၁ ဦး၊ အသက် ၃၀ ကျော်အရွယ် ၂ ဦးနှင့် အသက် ၄၀ ဝန်းကျင်အရွယ် ၁ ဦးတို့ ပါဝင်သည်ဟု ဒေသခံများထံက သိရသည်။
ဘုဘကျေးရွာနှင့် လယ်တော်ကျေးရွာကို ပျူစောထီးတပ်ဖွဲ့ဝင်များက အင်အား ၁၀၀ ကျော်ဖြင့် ဝင်ရောက်ဖျက်ဆီးပြီးနောက် နဂါးတွင်းကျေးရွာဘက်သို့ ဆက်လက်ထွက်ခွာခဲ့သည်။
ထွက်ခွာလာသည့် ပျူစောထီးတပ်ဖွဲ့ဝင်များကို ဗျူဟာတပ်ရင်းများဖြစ်သော မုံရွာခရိုင်တပ်ရင်း ၅၊ ၇၊ ၂၅၊ ၂၈၊ Local တပ်ပေါင်းစု၊ မုံရွာခရိုင်တပ်ရင်းများဖြစ်ကြသည့် တပ်ရင်း ၄၊ ၁၃၊ ၁၇၊ ၂၃ တို့က တိုက်ခိုက်ခဲ့ကာ ထိတွေ့တိုက်ပွဲ ၁ နာရီကျော်ကြာ ဖြစ်ပွားခဲ့သည်ဟု သံမဏိတပ်ခွဲ ၃ Force – MPDF က ထုတ်ပြန်သည်။
ထိတွေ့တိုက်ပွဲအတွင်း မအူဂိတ်ရှိ စစ်တပ်ဖွဲ့ဝင်များက ဟောင်ဝှစ်ဇာနှင့် ပစ်ကူခဲ့သည့်အတွက် ပျူစောထီးအဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး ကာကွယ်ရေးပူးပေါင်းတပ်ဘက်ကလည်း လက်နက်အားနည်းလာမှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု သိရသည်။
လယ်တော်ဒေသခံအမျိုးသား ၁ ဦးက “ မဟုတ်ရင် ဒီစခနဲ့ ပျူတွေမထွက်နိုင်ဘူး။ မအူဂိတ်က ဟောင်ဝှစ်ဇာတွေထင်တယ်။ လှမ်းပစ်ကူပေးတာ၊ ရဲဘော်တွေကလည်း ကျည်နည်းသွားတော့ ပြန်ဆုတ်ခဲ့ရတယ်။ အဲ့အချိန်ကျမှ သူတို့တွေ လမ်းပေါ်တက်နိုင်ပြီး ဘေးရွာကို မီးတင်ရှို့သွားတာ။ အိမ် ၁၀၀ ကျော်လောက်ပါသွားတယ်။ လမ်းတလျှောက် အကုန် ကုန်တယ် “ ဟု သံလွင်ခက်ကို ပြောသည်။
ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းဘက်က ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့၍ ဗိုလ် ၁ ဦးအပါအဝင် စုစုပေါင်း ၃ ဦးသေဆုံးခဲ့သည်ဟု သံမဏိတပ်ခွဲ ၃ ၊ Force – MPDF က ထုတ်ပြန်သည်။
ဗျူဟာပူးပေါင်းတပ်ဘက်ကလည်း ရဲဘော် ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မုံရွာခရိုင်တပ်ရင်း ၅ က ရဲဘော် ၁ ဦး ကျဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အဆိုပါ ပျူစောထီးအဖွဲ့ဝင်များသည် တောပုကနေတဆင့် မအူဂိတ်သို့ ပြန်လည်ဆုတ်ခွာသွားသည်ဟု ဒေသခံများထံက သိရသည်။
Video – သံမဏိတပ်ခွဲ ၃ Force – Mpdf