မဲဆောက်တွင် စစ်ဆေးမှုပိုမိုတင်းကြပ်လာ
***************************************
သဇင်
ဖေဖော်ဝါရီ ၂၃၊၂၀၂၄။
စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက် ထိုင်းနိုင်ငံ၊ မဲဆောက်
မြို့ကို တရားမဝင်ဝင်ရောက်လာသူပိုမိုများပြားလာသည် နှင့်အမျှ ထိုင်းအစိုးရဘက်ကလည်း တင်းကြပ်စစ်ဆေးမှု
များပြုလုပ်လာသည်ဟု ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသူများထံက သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီ ၂၂ ရက်တွင် အမျိုးသားလုံခြုံရေးနှင့် အေးချမ်းသာရေးအတွက်ဟုဆိုကာ ထိုင်းလူဝင်မှု ကြီးကြပ်ရေးက နိုင်ငံခြားသားများလက်ခံထားသည့် အိမ်ရှင်များအနေဖြင့် နေထိုင်သူများ၏ ဧည့်စာရင်းများကို ထိုင်းအာဏာပိုင်များထံ အစီရင်ခံတင်ပြရန် လိုအပ်သည်ဟု ထုတ်ပြန်လာခဲ့သည်။
ထိုင်းအာဏာပိုင်များသည် ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် တာ့ခ်ခရိုင်၊မဲဆောက်မြို့သို့ တရားမဝင်ဝင်ရောက်လာသည့်မြန်မာနိုင်ငံသားများကို ပိတ်ဆို့နိုင်ရေးအတွက် အခုလိုထုတ်ပြန်လာခြင်းဖြစ်သည်ဟု မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောသည်။
“ထိုင်းလဝကရဲ့ ကြေညာချက်အရ အကုန်လုံးယိုပေါက်၊ ဟာပေါက်၊ စိမ့်ပေါက်မရှိအောင် ဘက်ပေါင်းစုံကနေပိတ်ဆို့ကန့်သတ်တားဆီးလိုက်တဲ့သဘောမျိုးဖြစ်နေပါပြီ”ဟု ဆိုသည်။
မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ဖြတ်ကျော်ခွင့်ပြုသည့် (Border Pass) ၇ ရက် လက်မှတ်ဖြင့် ဝင်ရောက် လာပြီး ၎င်းလက်မှတ်သက်တမ်းတိုးကာ မဲဆောက်မြို့အတွင်း ဆက်လက်နေထိုင်သူများကိုလည်း ထိုင်းအာဏာပိုင်များက ပိုက်စိပ်တိုက်စစ်ဆေးနေသည်ဟု သူကဆက်ပြောသည်။
ထိုင်းလူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ နိုင်ငံခြားသားများအား နေထိုင်ခွင့်ပြုထားသည့် အိမ်၊ ဟိုတယ်၊ တိုက်ခန်းအဆောင်များနှင့် တည်းခိုခန်းများပိုင်ရှင်းများအနေဖြင့် ဧည့်စာရင်းတိုင်ကြားရမည်ဖြစ်ပြီး ဧည့်စာရင်းတိုင်ကြားခြင်းမရှိပါက လူဝင်မှုကြီး ကြပ်ရေးအက်ဥပဒေ (B.E. 2522) ပုဒ်မ ၃၈ အရ အမြင့်ဆုံးဒဏ်ငွေ ဘတ်ငွေ ၁၀,၀၀၀ ပေးဆောင်ရမည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။
စစ်မှုထမ်းဥပဒေ၏နောက်ဆက်တွဲအကျိုးဆက်ဖြစ်သည့် ထိုင်းအာဏာပိုင်များ၏ စစ်ဆေးရေးတင်းကြပ်မှုများပြုလုပ်လာမှုကြောင့် အိမ်ခန်းငှားရမ်းခဈေးနှုန်းလည်းမြင့်တက်လာသည်ဟု မဲဆောက်မြို့တွင်အိမ်ငှားနေထိုင်သူအမျိုးသမီး ၁ ဦးက ဆိုသည်။
“အိမ်ခန်းငှားခကတော့ အများဆုံး ဘတ် ၅၀၀ လောက်ထိ တက်လာတယ်။ အိမ်ငှားခအပြင်ကို စပေါ်တွေပါလိုက်တက်တယ်။ ဘတ်၂,၀၀၀ တန်အခန်းဆိုရင် စပေါ် ၄,၀၀၀ပေးရတယ်။ မတက်သေးတဲ့နေရာတွေလည်းရှိသေးပေမယ့် နေရာတော်တော်များများမှာ ၅၀၀ ဆီ တက်သွားတယ်” ဟု ဆိုသည်။
မဲဆောက်မြို့တွင် ထိုင်းအာဏာပိုင်များ၏ အဘက်ဘက်က စစ်ဆေးတင်းကြပ်မှုများကြောင့် ဖမ်းဆီးခံရသူများနေ့စဥ်နှင့်အမျှရှိနေပြီး တရားဝင်အထောက်အထားတစ်စုံ တစ်ရာမရှိဘဲ နေထိုင်နေသူများအဖို့ စိုးရိမ်ထိတ်လန့်နေကြရသည်ဟု မဲဆောက်မြို့တွင် တရားမဝင်နေထိုင်သူ အမျိုးသား ၁ ဦးကပြောသည်။
“မြန်မာဘက်ကမ်းကနေကူလာတဲ့သူ အရမ်းများနေလို့ တချို့အိမ်တွေက မြန်မာဆိုလက်မခံဘူး။ထိုင်းပဲ ငှားမယ်ဆိုပြီး ပြောနေကြတယ်။ ထိုင်းရဲတွေက လမ်းကြိုလမ်း ကြားတောင်မကျန်ဘူး တောက်လျှောက်ပတ်ပြီး စစ်နေတာ။ကျွန်တော်ဆို အိမ်ထဲက အိမ်ပြင်ကိုမထွက်ရဲဘူး။ ဈေးဝယ်ရင်တောင် ကလေးတွေကို ဝယ်ခိုင်းရတယ်”ဟုဆိုသည်။
ထိုင်းအစိုးရအနေဖြင့် ထိုင်းနိုင်ငံတွင်းရောက်ရှိနေသည့် ရွှေ့ပြောင်းခိုလှုံသူများအား သက်ရောက်ညှာတာမှုပေးပြီး အထောက်အထားကတ်များ ပြုလုပ်ပေးရန်မျှော်လင့် သည်ဟု ၎င်းကဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ ရက်တွင် ထိုင်းဝန်ကြီးချုပ် ဆရီသာ သာဝီဆင် က ထိုင်းနိုင်ငံကို တရားမဝင်ဝင်လာ
သည့် မြန်မာနိုင်ငံသားများကို အရေးယူသွားမည်ဟု သတိပေးထားပြီးနောက်ပိုင်း ထိုင်းနယ်စပ်တလျှောက်တွင် လုံခြုံရေးတင်းကြပ်ထားသည်။
ဓာတ်ပုံ – သံလွင်ခက်။
ပုံစာ – ထိုင်နိုင်ငံ၊ မဲဆောက်မြို့ ထိုင်း-မြန်မာချစ်ကြည် ရေး အမှတ် ၁ တံတားအနီးမြင်ကွင်း။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3480
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=7855