တိုက်လေယာဉ် ၁ စင်း တာမခန်တွင်ပစ်ခတ်ခံရ
*****************
ထွယ်
ဖေဖော်ဝါရီ ၂၇၊ ၂၀၂၄။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာမခန်ကျေးရွာကို လေကြောင်းဖြင့်လာရောက်တိုက်ခိုက်သည့် စစ်ကောင်စီ၏ တိုက်လေယာဉ် ၁ စင်း ယနေ့နံနက်တွင် လက်နက်ကြီးထိမှန်ခဲ့သည်ဟု ရှေ့တန်းကာကွယ်ရေးတပ်ဖွဲ့ဝင်များထံ က သိရသည်။
စစ်ကောင်စီတပ်သည် တာမခန်ကျေးရွာကို ယနေ့နံနက်ပိုင်းတွင် လေကြောင်းဖြင့် တိုက်ခိုက်မှု ဆက်တိုက်ပြုလုပ် ခဲ့ပြီး ယနေ့နံနက် ၁၀ နာရီခန့်က ၎င်းတို့၏ တိုက်လေယာဉ် ၁ စင်း လက်နက်ကြီးထိမှန်ခဲ့သည်ဟု KIA ရှေ့တန်းရဲဘော် ၁ ဦးက ပြောသည်။
၎င်းက “လက်နက်ကြီးထိသွားတာ ဟုတ်တယ်။ ဘယ်ဘက်က ပစ်တာ ထိသွားတာလည်းတော့ မသိဘူး။ စစ် ကောင်စီဘက်ကလည်း လက်နက်ကြီးဆက်တိုက်ပစ်နေတော့ သူတို့ဘာသာ ပစ်လို့မှန်သွားတာလား၊ ကျွန်တော် တို့ဘက်က ပစ်တာ မှန်သွားတာလားတော့ သေချာမသိရသေးဘူး။ ပျက်ကျတာမျိုးတော့ မဟုတ်ဘူး။ ဒီတိုင်းထိ သွားတာ။ လေယာဉ်က မီးခိုးတွေထွက်ပြီး ပြန်လှည့်သွားတယ်” ဟု ပြောသည်။
တာမခန်ကျေးရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီ၏နယ်မြေရဲစခန်းနှင့် စစ်တပ်ကုန်းကို ယမန်နေ့ ညနေ ၄ နာရီ ခွဲခန့်ကတည်းက ကချင်လွတ်မြောက်ရေးတပ်မတော် – KIA၊ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ် များက ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ပြီး ယမန်နေ့ ညနေ ၆ နာရီခန့်တွင် တာမခန်နယ်မြေရဲစခန်းကို ကာကွယ် ရေးပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
ထို့နောက် တာမခန်ကျေးရွာတွင်ရှိသည့် စစ်ကောင်စီတပ်မ – ၃၃ လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ – ၁၁၉ တပ်ရင်းကို ကာကွယ်ရေးပူးပေါင်းတပ်များက ယခုချိန်ထိ ဆက်လက်တိုက်ခိုက်လျက်ရှိသည်။
စစ်ကောင်စီတပ်သည် ယမန်နေ့ညနေ ၅ နာရီခွဲခန့်ကလည်း တာမခန်ကျေးရွာကို လေကြောင်းဖြင့်တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ယနေ့နံနက်အထိ လေကြောင်းဖြင့် အဆက်မပြတ် တိုက်ခိုက်နေခြင်းလည်းဖြစ်သည်။
KIA ရှေ့တန်းရဲဘော် ၁ ဦးက “လေယာဉ်က မကြာမကြာလာတယ်။ ဒီနေ့ကိုလာတာ ၁၂ ကြိမ် အနည်းဆုံးရှိပြီ။ ကျွန်တော်တို့လည်း လေယာဉ်ရန်လွတ်အောင် ပုန်းနေရတယ်” ဟု ပြောသည်။
စစ်ကောင်စီ၏ တာမခန်ရဲစခန်းသည် တပ်စခန်းကုန်းကပ်လျက်ရှိ ကျေးရွာအဝင်၌ ရှိသည်ဟု သိရသည်။
တာမခန်ကျေးရွာတွင် စစ်ကောင်စီနှင့် ကာကွယ်ရေးပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားနေသည့်အတွက် တာမခန် ကျေးရွာဒေသခံများအားလုံး တိုက်ပွဲတိမ်းရှောင်လျက်ရှိသည်။
ပုံစာ – စစ်ကောင်စီတိုက်ခိုက်ရေး လေယာဉ် ( ပုံ/ အဟောင်း )
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3548
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=7958