ဖားကန့်၊ ဆိုင်းတောင်ကျေးရွာအနီးတွင် စစ်ကောင်စီနှင့် KIA တပ်ဖွဲ့အကြား စစ်ရေးတင်းမာ
*********
ထွယ်
ဇွန် ၂၈၊ ၂၀၂၄။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် – KIA ပူးပေါင်းတပ်ဖွဲ့တို့အကြား စစ်ရေးတင်းမာနေသည်ဟု ဒေသခံများနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
အင်းအား ၅၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ်များသည် ဖားကန့်မြို့မှစစ်ကြောင်းထိုးလာသဖြင့် KIA ပူးပေါင်းတပ်များနှင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု KIA တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ဖားကန့် တပ်မကုန်းဘက်က စစ်ကြောင်း ၃ခုခွဲပြီး စစ်ကြောင်းထိုးကြတာ၊ ၂ ခုတော့ ပြန်သွားကြပြီ။ တစ်ခုကျန်တာ၊ အခု အဲ့တစ်ခုနဲ့ တိုက်ပွဲဖြစ်နေကြတာပေါ့။ သူတို့ကို ပတ်လည်ဝိုင်းထားတဲ့ အခြေအနေပါ။ သူတို့လည်း မထွက်လာသေးဘူး” ဟု ၎င်းကပြောသည်။
ယခုရက်ပိုင်းအတွင်း ဆိုင်းတောင်ကျေးရွာရှိ နှီးဘုရားကုန်းအနီးတွင် စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်တို့အကြား နေ့စဉ်ထိတွေ့တိုက်ပွဲဖြစ်ပွားလျက်ရှိသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက သံလွင်ခက်ကို ပြောသည်။
၎င်းက “မနေ့ကတော့ ပစ်နေကြတာ အရမ်းပဲ။ ညဘက်ကလည်း ၃ ကြိမ်၊ ၄ ကြိမ်ပစ်သေးတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်က ဆိုင်းတောင်ကျေးရွာရှိ ရဲစခန်းကုန်းကို KIA ပူးပေါင်းတပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် တိုက် ခိုက်ရာ ဒုရဲမှူးကြီးသူရအောင်အပါအဝင် ရဲအရာရှိ ၇ ဦးခန့်နှင့် တပ်သားအားလုံး စုစုပေါင်း ၁၂ ဦးခန့် သေဆုံးခဲ့ပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KIA တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဇွန်လ ၂၅ ရက်ကလည်း ဖားကန့်မြို့တပ်မကုန်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ဆိပ်မူကျေးရွာအုပ်စုရှိ ဆိုင်းတောင်ကျေးရွာနှင့် မော်ရှန်ကျေးရွာက ဒေသခံ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။
လက်ရှိတွင် ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာတွင် စစ်ရေးတင်းမာနေသဖြင့် နှီးဘုရားကုန်းနှင့် ရဲစခန်းကုန်းအနီး ဝန်းကျင်မှ ဒေသခံအချို့မှ နေရပ်စွန့်ခွာတိမ်းရှောင်လျက်ရှိသည်။