စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး KIA ကော်မတီက အရေးပေါ်အစည်းအဝေးပြုလုပ်နေသည်ဟု ကချင်လွတ်မြောက်ရေးတပ်မတော် KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက သံလွင်ခက်ကို ပြောသည်။
၎င်းက “လူကြီးပိုင်းတွေ အရေးပေါ် ဆွေးနွေးတာ ရှိတယ်။ ဘယ်လိုဆုံးဖြတ်လာမှာလဲတော့ မသိသေးဘူး။ စောင့်ကြည့်နေတယ်။ ဘာမှ ညွှန်ကြားထားတာမရှိသေးဘူး” ဟုဆိုသည်။
စစ်ကောင်စီ ဗုံးကြဲသည့် Anang Pa (အနန့်ပါ) နေရာသည် KIA စခန်း မဟုတ်ဘဲ ခရီးသွားများ ခေတ္တနားခိုသည့် ဈေးဆိုင်တန်း စခန်းငယ်သာ ဖြစ်သည်ဟု ကေအိုင်အိုက ဖော်ပြထားသည်။
KIO ဗဟိုကော်မတီအနေဖြင့် မြန်မာအစိုးရအဆက်ဆက်ကို ကူညီထောက်ခံသည့် သူများကိုပင်လျှင် ရန်သူအဖြစ် မသတ်မှတ်ခဲ့သော်လည်း စစ်ကောင်စီသည် အနန့်ပါသို့ လာရောက်သော ပြည်သူများ၊ ဒေသခံများကို ရန်သူသဖွယ် ပြုမူခဲ့ခြင်းဖြစ်သည်ဟု ကေအိုင်အေ ခေါင်းဆောင် ဗိုလ်ချုပ်ဂွန်မော်က လူမှုကွန်ယက်မှတဆင့် ပြောသည်။
ဗိုလ်ချုပ်ဂွန်မော်က “အားလုံးရဲ့ ဝမ်းနည်းကြေကွဲမှုနဲ့ မျက်ရည်တွေဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ရင်းနှီးမှုတွေ ဖြစ်လာမှာပါ” ဟု ဆိုသည်။
ယမန်နေ့က ပြုလုပ်သည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၏ ၆၂ နှစ်ပြည့်အထိမ်းအမှတ် တေးဂီတပွဲကို စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ KIA တပ်ဖွဲ့ဝင်များအပါအဝင် ဒေသခံ ၆၀ ခန့် သေဆုံးခဲ့ရသည်ဟု KIO က အတည်ပြုပြောဆိုထားသည်။
ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ပြည်သူများကိုပင် စစ်ကောင်စီက ဆေးကုသခွင့် မရအောင် လမ်းကြောင်းများ ပိတ်ပင်ထားသော်လည်း KIA/KIO အနေဖြင့် အဆိုပါ ဒဏ်ရာရရှိသူများကို အတတ်နိုင်ဆုံး ကုသပေးနေသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။
တစ်ဆက်တည်းတွင် အရပ်သားပြည်သူများ ပါဝင်သည့် တေးဂီတဖျော်ဖြေပွဲကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အများအပြား ထိခိုက်သေဆုံးရမှုအပေါ် တော်လှန်ရေးခွန်အားအဖြစ် အရှိန်မြှင့်တင်သွားမည်ဟု KIO ဗဟိုကော်မတီက ယနေ့တွင် ထုတ်ပြန်ကြေညာထားသည်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ နိုင်ငံတကာနှင့် အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်များမှလည်း ကန့်ကွက်ခဲ့ကြပြီး အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး တော်လှန်ရေးအင်အားစုများအားလုံးနှင့်အတူ တိုက်ပွဲဝင်သွားမည်ဟု အသီးသီး ထုတ်ပြန်ခဲ့ကြသည်။
အောက်တိုဘာ ၂၃ ရက် ညပိုင်းက စစ်ကောင်စီသည် အနန့်ပါကို လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းကြောင့် ရုပ်အလောင်း ၆၀ တွေ့ရှိထားကာ ဒဏ်ရာရသူ ၅၅ ဦးနှင့် ပျောက်ဆုံးသူများ ရှိနေဆဲဖြစ်သည်။
Photo – KIA See less