ညီနောင်သုံးဖွဲ့အတွက် ငြိမ်းချမ်းရေးတံခါးအမြဲဖွင့်ထားသည်ဟု တရုတ်ကို စစ်ခေါင်းဆောင်ပြော
ယမင်းဖူးပွင့်အောင်
နိုဝင်ဘာ ၇၊ ၂၀၂၄။
အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသည့် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ဖွဲ့အတွက် ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်ထားပြီး ဆွေးနွေးရန် အသင့်ရှိသည်ဟု စစ်ခေါင်းဆောင်က ဆိုလိုက်သည်။
စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရုတ်နိုင်ငံ ကူမင်းမြို့ ဟိုင်ဂင်ဟိုတယ်တွင် တရုတ်ဝန်ကြီးချုပ် မစ္စတာလီချန်နှင့် ယမန်နေ့ နိုဝင်ဘာ ၆ ရက်က သီးသန့်တွေ့ဆုံစဉ် ပြောဆိုခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီထိန်းချုပ်မီဒီယာများတွင် ဖော်ပြထားသည်။
တရုတ်အစိုးရ၏ကြားဝင်စေ့စပ်မှုဖြင့် ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိခဲ့သော်လည်း ညီနောင်မဟာမိတ်၃ဖွဲ့က သဘောတူညီချက်ကို ချိုးဖောက်ကာ မြို့ရွာများကို ဆက်လက်တိုက်ပွဲဖော်ဆောင်ခဲ့ပြီး ဖြစ်လိုသည်ကို ရှေ့တန်းတင်မည့်အစား ဖြစ်သင့်သည်ကို လုပ်ဆောင်ကြရန်လိုအပ်သည်ဟု စစ်ခေါင်းဆောင်က ပြောဆိုခဲ့သည်။
ထို့ပြင် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်-MNDAA၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA၊ ရက္ခိုင့်တပ်တော်-AA တို့အနေဖြင့် ငြိမ်းချမ်းရေးကိုလိုလားကြောင်း ရှင်းလင်းပြတ်သားသည့် လုပ်ဆောင်ချက်ပြသလာမှသာ စစ်ကောင်စီက ဆွေးနွေးမှုကို ဆောင်ရွက်နိုင်မည်ဖြစ်သည်ဟု သိရသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၃ ရက်တွင် MNDAA က ချင်းရွှေဟော်မြို့ကို စတင်တိုက်ခိုက်ခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေးကို စတင်ကြောင်းကြေညာခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ညီနောင်သုံးဖွဲ့နှင့် စစ်ကောင်စီတို့ကြား အပစ်အခတ်ရပ်စဲရန် သဘောတူခဲ့ကြကာ ဇွန်လ ၂၅ ရက်တွင် ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းကို ပြန်လည်စတင်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂ ရက်နတွင် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်-MNDAA၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA၊ ရက္ခိုင့်တပ်တော်-AA တို့ကို စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာခဲ့သည်။
ဓာတ်ပုံ-CINCDS