ဘုန်းမောင်
နိုဝင်ဘာ ၁၉၊ ၂၀၂၄။
ယမန်နှစ်အောက်တိုဘာလတွင် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က မြန်မာ – တရုတ်နယ်စပ်အနီးရှိ စစ် ကောင်စီထိန်းချုပ်နယ်မြေအများအပြားကို သိမ်းပိုက်နိုင်ခဲ့ချိန်ကစ၍ တရုတ်နိုင်ငံသည် မြန်မာ့အရေးအား အခြားတစ်ဖက်ကပြန်လည်ရှုမြင်ခဲ့သည်။
စစ်ဆင်ရေးစတင်ပြီး ၁ နှစ်ကျော်ကြာလာချိန်မှာတော့ ညီနောင်မဟာမိတ်အဖွဲ့များသည် မြန်မာစစ်တပ်အား ၎င်းတို့ထိန်းချုပ်ထားသည့် အရေးပါသောနယ်မြေများမှ အဝေးဆီမောင်းထုတ်နိုင်ခဲ့သည့်အပြင် ပြိုင်ဆိုင်မှု ပြင်းထန်သော မြန်မာတို့၏ဒေသများဆီ ထိုးဖောက်ဝင်ရောက်လာနိုင်ခဲ့ကြသည်။ ညီနောင်မဟာမိတ်အဖွဲ့ များ၏အဆိုပါလုပ်ရပ်များအပေါ်တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံသည် ညီနောင်မဟာမိတ်အဖွဲ့များ၏ ထိန်းချုပ်မှုအောက်ရှိနယ်စပ်ဒေသများသို့ ကုန်ပစ္စည်းတင်သွင်းမှုများအား ပိတ်ပင်လိုက်သည်ဟု တော်လှန် ရေးခေါင်းဆောင်တစ်ဦးနှင့် ဒေသခံများကဆိုသည်။
ထိုသို့ နယ်စပ်ဂိတ်များအား တရုတ်နိုင်ငံဘက်က ပိတ်လိုက်ခြင်းသည် မြန်မာတို့၏နှလုံးသည်းပွတ်ဖြစ်သော မြန်မာ့ယဥ်ကျေးမှုမြို့တော် မန္တလေးမြို့အပါအ ဝင် အခြားမြို့များအားတိုက်ခိုက်သိမ်းပိုက်ခြင်းက တားဆီးရန်ရည်ရွယ်သည်ဟု လေ့လာသူများကပြော သည်။
တရုတ် – မြန်မာနယ်စပ်တလျှောက်ကြီးစိုးနေသော ရာဇဝတ်မှုများကိုနှိမ်နင်းရန်အတွက် တရုတ်နိုင်ငံသည် ကနဦးကာလများတွင် ညီနောင်မဟာမိတ်အဖွဲ့များကို ကျောထောက်နောက်ခံပေးခဲ့သော်လည်း (နောက်ပိုင်းမှာတော့) မြန်မာစစ်တပ်၏ အရှိန်အဟုန်ပြင်းပြင်းဖြင့်ယိုယွင်းလာမှုအပေါ် ဘေဂျင်းက ပို၍စိုးရိမ်လာခဲ့သည်။ ထိုသို့စိုးရိမ်လာရသည်မှာလည်း မြန်မာစစ်တပ်သည် နိုင်ငံတွင်းတည်ငြိမ်အေးချမ်းမှုကို အာမခံချက်ပေးနိုင်သူဖြစ်ကြောင်း တရုတ်ကရှုမြင်နေဆဲဖြစ်သောကြောင့်ဖြစ်သည်ဟု တရုတ် – မြန်မာဆက်ဆံရေးကို စောင့်ကြည့်လေ့လာနေသူ ၂ ဦးကဆိုသည်။
ဘေဂျင်းသည် မြန်မာနိုင်ငံသို့ သွင်းကုန်များပိတ်ဆို့ခြင်းအပါအဝင် ‘၁၀၂၇ စစ်ဆင်ရေး’ကိုဦးဆောင်ခဲ့သော အဖွဲ့များအနက်က (အနည်းဆုံး)အဖွဲ့တစ်ဖွဲ့အား တိုက်ပွဲကနေနုတ်ထွက်ရန် ဖိအားများပေးခဲ့သည်။
ပြီးခဲ့သောဩဂုတ်လမှာတော့ မဟာမိတ်တပ်ပေါင်းစုက လားရှိုးမြို့ရှိ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် – ရမခ ကိုသိမ်းယူနိုင်ခဲ့သည်။ မြန်မာ့သမိုင်းတလျှောက်မှာတော့ အဆိုပါသိမ်းယူမှုက ပထမဆုံးသောသိမ်းယူ မှုအဖြစ် မှတ်တမ်းဝင်ခဲ့လေသည်။
လားရှိုးမြို့သည် ၎င်းတို့မျှော်မှန်းထားသည်ထက် နှစ်ဆစော၍ကျဆုံးသွားခဲ့သည်ဟု ‘၁၀၂၇ စစ်ဆင်ရေး’ အတွင်း မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့နှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့သည့် ဗမာပြည်ကွန်မြူနစ်ပါတီ ၏လက်နက်ကိုင်အဖွဲ့ဖြစ်သော ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA အထွေထွေအတွင်းရေးမှူး ရဲဘော် နီနီကျော်ကပြောသည်။
စစ်ကောင်စီကလည်း ၎င်းတို့အနေဖြင့် နယ်စပ်တလျှောက်တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဘေဂျင်းနှင့်အတူပူးပေါင်းဆောင်ရွက်နေပြီး လက်နက်ကိုင်အကြမ်းဖက်သမားများ၏တောင်းဆိုချက်များကို လက်ခံမည်မဟုတ်ဟု ရိုက်တာသတင်းဌာနကမေးမြန်းခဲ့သည့်မေးခွန်းများအား ပြန်လည်တုံ့ပြန်သည့်ကြေ ညာချက်တွင် ဆိုသည်။ တဆက်တည်းမှာပဲ အဆိုပါအစီရင်ခံစာ၌ စစ်ကောင်စီက “နိုင်ငံရေးနည်းလမ်းတွေ သုံးပြီး လက်ရှိအခြေအနေတွေကိုဖြေရှင်းသွားမှာပါ”ဟုပြောသည်။
မြန်မာနိုင်ငံတွင်းဖြစ်ပေါ်နေသော မငြိမ်သက်မှုများနှင့် စစ်ပွဲများကို ပြတ်ပြတ်သားသားဆန့်ကျင်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ရိုက်တာသတင်းဌာနကိုဖြေကြားခဲ့သလို နယ်စပ်ဒေသအနီးရှိအခြေအနေများ ငြင်သာပျော့ပြောင်းလာစေရန်အတွက် မြန်မာနိုင်ငံရှိ ပါဝင်ပတ်သက်သူများအားလုံးကိုတိုက်တွန်းပါသည်ဟုလည်း တရုတ်နိုင်ငံကဆိုသည်။ ပြီးခဲ့သောသီတင်းပတ်များအတွင်း မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ရုံးတိုက်ခိုက်ခံခဲ့ရပြီး ပျက်စီးမှုတချို့ရှိသော်လည်း လူသေဆုံးမှုတော့မရှိခဲ့ပေ။
အချို့သောတော်လှန်ရေးတပ်ဖွဲ့များကတော့ မြန်မာနိုင်ငံအလယ်ပိုင်းရှိ မန္တလေးမြို့ကိုဦးတည်တိုက်ခိုက်မည့် လမ်းကြောင်းတစ်ခုရေးဆွဲနိုင်ရန်မျှော်လင့်ထားသည်ဟု တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင် ၂ ဦးနှင့် လေ့လာ သုံးသပ်သူများကပြောသည်။ ထိုနေရာကဆိုလျှင် နေပြည်တော်သည် ကီလိုမီတာ ၃၀၀ (၁၉၀ မိုင်)သာ ကွာ ဝေးသည်ဖြစ်၏။ အဆိုပါလုပ်ရပ်အား ဘေဂျင်းကကန့်ကွက်နိုင်ဖွယ်ရှိသည်ဟု ဇူဂျီအမ်မင်း (Zhu Jiangming) ကပြောသည်။ ၎င်းသည် တရုတ်နိုင်ငံပိုင်မီဒီယာအတွက် နယ်စပ်အကြောင်းများရေးသားနေ သည့် နိုင်ငံတကာလုံခြုံရေးကျွမ်းကျင်သူတစ်ဦးဖြစ်သည်။
၎င်းက “မန္တလေးမြို့က မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့တော်ဖြစ်ပြီး ရှန်ဟိုင်းနဲ့ညီမျှတယ်”ဟုပြောသည်။
ယင်းအပြင် ၎င်းက မန္တလေးမြို့ကျဆုံးခြင်းသည် မြန်မာ့ပဋိပက္ခအတွက် အချိုးအကွေ့တစ်ခုဖြစ်လာမည်ဖြစ် သောကြောင့် ဘေဂျင်းအနေဖြင့် ယင်းကဲ့သို့မဖြစ်ရန် တားဆီးဖို့ကြိုးစားလိမ့်မည်ဟုလည်း ဆိုသည်။
ခက်ခဲသောအခြေအနေ
ယမန်နှစ် တိုက်ပွဲများစတင်သည့်နေ့စွဲကိုအစွဲပြုကာ ‘၁၀၂၇ စစ်ဆင်ရေး’ဟုအမည်ပေးခဲ့သော စစ်ဆင်ရေးများစတင်ချိန်သည် တရုတ်နယ်စပ်အနီး၌ တရုတ်နိုင်ငံသားများကိုပစ်မှတ်ထားသော ရာဇဝတ်မှုများပြည့် နှက်နေချိန်လည်းဖြစ်သည်။ ထို့ကြောင့်လည်း မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့၏စစ်ဆင်ရေးကို ဘေဂျင်းက မကန့်ကွက်ဖို့ တွန်းအားလည်းဖြစ်စေခဲ့သည်။
တရုတ်လူမျိုးများဖြင့်ဖွဲ့စည်းထားသော မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် – MNDAA၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA နှင့် အာရက္ခတပ်တော် – AA စသည့် မြန်မာနိုင်ငံတွင်းရှိ တိုင်းရင်းသားလူမျိုးစုများဖြင့်ဖွဲ့စည်းထားသော မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့အပေါ် ဘေဂျင်း ကဩဇာလွှမ်းမိုးမှုရှိသော်လည်း တိုက်ရိုက်ထိန်းချုပ်နိုင်ခြင်းမရှိပါ။
သို့သော် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု၌ ဒေါ်အောင်ဆန်းစုကြည်၏ အရပ်သားအစိုးရကိုဖြုတ်ချခဲ့သည့် မြန်မာစစ်တပ်ပြိုကွဲရေးကိုတော့ တရုတ်က ဆန့်ကျင်နေပါသည်။ မြန်မာနိုင်ငံနှင့် ၁၂၅၀ မိုင်ထိစပ်နေသော နယ်စပ်တလျှောက်ကမတည်ငြိမ်မှုများသည် တရုတ်နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုများနှင့် ကုန်သွယ်ရေးများအပေါ် ထိခိုက်မည်ကို စိုးရိမ်လျက်ရှိသည်ဟု လေ့လာသူများကဆိုသည်။
ဇန်နဝါရီလမှာတော့ တရုတ်၏ကြားဝင်စေ့စပ်ပေးမှုဖြင့် စစ်ကောင်စီနှင့် မြောက်ပိုင်းညီနောင်မဟာမိတ်များ အကြား အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ချုပ်ဆိုခဲ့သော်လည်း နောက်ပိုင်းမှာတော့ တိုက်ပွဲများဆက် လက်ဖြစ်ပွားလာခဲ့ကာ ဩဂုတ်လလယ်လောက်တွင် လားရှိုးမြို့ကျရှုံးခဲ့လေသည်။
လားရှိုးမြို့ကျဆုံးပြီးမကြာခင်မှာဘဲ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ သည် မြန်မာနိုင်ငံသို့လာရောက်ကာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် နိုင်ငံခြားရေးဝန်ကြီးက စစ်ခေါင်းဆောင်အား ဘေဂျင်းအနေဖြင့် “မငြိမ်မသက်မှုများနှင့် ပဋိပက္ခများကိုဆန့်ကျင်ကြောင်း” ပြောဆိုခဲ့သည့်အပြင် “မြန်မာနိုင်ငံတွင်းရှိ တရုတ်နိုင်ငံသားများနှင့် တရုတ်စီမံကိန်းများကိုကာကွယ်ပေး ရန်လိုအပ်သည်”ဟု ဆိုသည်။ တရုတ်စစ်တပ်သည်လည်း အဆိုပါလနှောင်းပိုင်းတွင် တရုတ် – မြန်မာနယ် စပ်၌ ပူးတွဲစစ်ရေးလေ့ကျင့်မှုများပြုလုပ်ခဲ့သည်။
တရုတ်အစိုးရသည် မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့အပေါ်ကိုလည်း ဖိအားများပေးခဲ့သည်။ ယင်းအပြင် တရုတ်အစိုးရသည် MNDAA ထိန်းချုပ်မှုအောက်ရှိနယ်မြေများကို ရိက္ခာများဖြတ်တောက်ကာ နယ်စပ်ဂိတ် များလည်းပိတ်ထားခဲ့သည်ဟု မဟာမိတ်တပ်ပေါင်းစုတွင်ပါဝင်သည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်- BPLA စစ်ဦးစီးချုပ် မောင်ဆောင်းခနှင့် ဒေသခံ ၅ ဦးတို့ကပြောသည်။
ကလေးသူငယ်များအတွက် ကာကွယ်ဆေးများကဲ့သို့သောဆေးပစ္စည်းများကိုပင် ဖြတ်တောက်ထားသဖြင့် ပဋိပက္ခများအတွင်း တော်လှန်ရေးတပ်ဖွဲ့များကလည်ပတ်နေသော ပြည်သူ့ကျန်းမာရေးစနစ်ကို အခက်အခဲ ဖြစ်စေသည်ဟုလည်း ၎င်းကပြောသည်။
နယ်စပ်ထိန်းချုပ်မှုများအား တရုတ်နိုင်ငံဘက်ကတင်းကြပ်လိုက်သောကြောင့် တော်လှန်ရေးတပ်ဖွဲ့များထံ လက်နက်ခဲယမ်းစီးဆင်းမှုများနှေးကွေးသွားသော်လည်း ၎င်း၏တပ်ဖွဲ့များအနေဖြင့် စစ်ရှုံးခဲ့သောစစ်ကောင် စီတပ်များထံက လက်နက်ခဲယမ်းများအား ပိုမိုသိမ်းယူသွားနိုင်ရန်ကြိုးပမ်းသွားမည်ဟုလည်း မောင်ဆောင်းခက ပြောသည်။
MNDAA သည် တရုတ်နိုင်ငံနှင့် ကာလရှည်ကြာဆက်ဆံရေးရှိခဲ့သော အဖွဲ့အစည်းဖြစ်သည်။ ပြီးခဲ့သော စက်တင်ဘာလမှာတော့ MNDAA က ၎င်းအနေဖြင့် မဟာမိတ်များနှင့်ပူးပေါင်းကာ နယ်မြေချဲ့ထွင်မှုများ ဆက် လက်ဆောင်ရွက်တော့မည်မဟုတ်ကြောင်း၊ တရုတ် သို့မဟုတ် မြန်မာနိုင်ငံကိုဆန့်ကျင်သော “နိုင်ငံခြားတိုင်းပြည်များ”နှင့် ထိတွေ့ဆက်ဆံမှုများ သို့မဟုတ် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်မည်မဟုတ်ကြောင်း ကြေညာခဲ့သည်။ ယင်းအပြင် MNDAA သည် မဟာမိတ်အဖွဲ့၏အစိတ်အပိုင်းတစ်ရပ်အဖြစ် ဆက်လက်တည် ရှိနေမည်ဖြစ်သော်လည်း တရုတ်နိုင်ငံ၏လမ်းညွှန်မှုအောက်တွင် အပစ်အခတ်ရပ်စဲရေးအတွက် အဆင်သင့်ဖြစ်နေပြီဟုလည်း ကြေညာခဲ့သည်။
အဆိုပါစက်တင်ဘာလနှောင်းပိုင်းမှာပဲ စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကျင်းပဖို့ ဖိတ်ခေါ်ခဲ့သည်။ စစ်ကောင်စီ၏အဆိုပါကမ်းလှမ်းမှုအား မောင်ဆောင်းခကဲ့သို့သော တော်လှန်ရေးခေါင်းဆောင်များက အလျင်အမြန်ပင်ပယ်ချခဲ့သည်။ စစ်ကောင်စီ၏ ဆွေးနွေးညှိနှိုင်းမှုများကိုထောက်ခံရာတွင် တရုတ်နိုင်ငံ၏အခန်းကဏ္ဍက စစ်ကောင်စီ၏အတုအယောင်ရွေးကောက်ပွဲများ အတွက်လည်း လမ်းခင်းပေးနိုင်ပါသည်။
အမည်မဖော်လိုသော အမျိုးသားညီညွတ်ရေးအစိုးရ – NUG ၏အကြီးတန်းအရာရှိတစ်ဦးကတော့ ၎င်းတို့ အနေဖြင့် ဘေဂျင်းနှင့်ဆွေးနွေးရန် အခွင့်မသာဖြစ်နေပြီး တရုတ်အစိုးရသည် စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများအကြား သဘောထားကွဲလွဲမှုများကိုဖန်တီးရန် ကြိုးပမ်းခဲ့သည်ဟုပြောသည်။ ယင်းအပြင် ဘေဂျင်းသည် အချို့သောတော်လှန်ရေးတပ်ဖွဲ့များက မြန်မာစစ်တပ်အားတိုက်ခိုက်နေခြင်းကိုရပ်တန့်ရန် နှင့် NUG နှင့်ပူးပေါင်းဆောင်ရွက်နေခြင်းကိုရပ်တန့်ရန်တိုက်တွန်းခဲ့သည်ဟု အဆိုပါအရာရှိကပြောသည်။
NUG သည် အချို့သောလက်နက်ကိုင်အဖွဲ့အစည်းများနှင့် လျော့တိလျော့ရဲနိုင်သောဆက်ဆံရေးမျိုးရှိပြီး တချို့သောအဖွဲ့အစည်းများကတော့ NUG ၏အမိန့်ပေးကွပ်ကဲမှုအောက်တွင်ရှိနေသည်။
မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့သည် တရုတ်နိုင်ငံနှင့်ဆက်ဆံရေးကိုထိန်းသိမ်းထားနေရသောကြောင့် မန္တလေးကိုထိုးစစ်ဆင်တိုက်ခိုက်မည်ဆိုပါက ညီနောင်မဟာမိတ် ၃ ဖွဲ့အတွက် အကြပ်အတည်းထဲကျရောက်လိမ့်မည်ဖြစ်သည်ဟု ဝါရှင်တန်အခြေစိုက်အမေရိကန်အစိုးရ ငြိမ်းချမ်းရေးဌာန (USIP) ၏ မြန်မာနိုင်ငံဆိုင်ရာညွှန်ကြားရေးမှူးဂျေဆန်တာဝါက ပြောသည်။ တဆက်တည်းမှာပဲ ၎င်းက မဟာမိတ်များ၏အကူအညီမပါဘဲ မန္တလေးမြို့ကိုတိုက်ခိုက်သိမ်းပိုက်ခြင်းက အန္တရာယ်ကြီးမားသည်ဟု လည်းပြောသည်။
တရုတ်ဩဇာလွှမ်းမိုးမှုက “အမှန်တရား” ဖြစ်သည်ဆိုသော်ငြား နယ်စပ်ဒေသများနှင့်ဝေးကွာသော မန္တလေး PDF ကဲ့သို့သောအဖွဲ့များက မန္တလေးကိုဦးဆောင်တိုက်ပွဲဝင်နိုင်သည်ဟု မန္တလေး PDF ၏တပ်မှူးစိုးသူရဇော်ကပြောသည်။
၎င်းက “ကျွန်တော်တို့ စည်းလုံးရမယ်။ ပြင်ဆင်ရမယ်။ ပြီးတော့ တရုတ်ရဲ့ဖိအားတွေကိုကျော်လွှားဖို့အတွက် လေ့ကျင့်မှုတွေလုပ်ရမယ်” ဟု ပြောသည်။
ထိပ်ပိုင်းပြိုကွဲမှုများ
စစ်ကောင်စီတပ်များသည် လားရှိုးမြို့တွင် မြန်မြန်ဆန်ဆန်နှင့် မည်ကဲ့သို့ပြိုလဲသွားကြောင်း တရုတ်ကတွေ့ မြင်ခဲ့ပြီးနောက် ဘေဂျင်း၏ နောက်ဆုံးကြားဝင်ဆောင်ရွက်မှုပေါ်ထွက်လာခြင်းဖြစ်သည်။
“အခုဆိုရင် တရုတ်က အရင်ကထက်တောင် ပိုပြီးတက်တက်ကြွကြွဖြစ်လာတယ်။ သူ့အနေအထားကလည်း သိသိသာသာကြီးကိုပဲ ပြောင်းလဲသွားတယ်” ဟု တာဝါကဆိုသည်။
တရုတ်ကဖိအားပေးသဖြင့် တိုက်ပွဲများယာယီရပ်နားထားမှုအပေါ် စစ်ကောင်စီက အသုံးချမည်ဖြစ်ပြီး ခိုင်မာသောကာကွယ်ရေးများပြင်ဆင်လိမ့်မည်ဖြစ်သည်ဟု တော်လှန်ရေးအင်အားစုများကယုံကြည်ထားကြောင်း စိုးသူရဇော်ကပြောသည်။ ယင်းအစား တိုက်ပွဲများပြန်လည်ဖြစ်ပွားချိန်တွင် မြန်မာစစ်တပ်သည် အသည်းအသန်ရုန်းကန်နေခဲ့ရပြီး ရမခတိုင်းမှူးနှင့် ဌာနချုပ်ရှိအကြီးတန်းအရာရှိများကြား အဆက်အသွယ်များ ပြတ်တောက်သွားခဲ့သည်။ စစ်ကောင်စီထိပ်ပိုင်းတွင် မတည်ငြိမ်မှုများလည်းရှိခဲ့သည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်ကစ၍ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၎င်း၏တိုင်းမှူးများကို မြန်မြန်ဆန်ဆန်အပြောင်းအလဲများပြုလုပ်ခဲ့သည်။
၂၀၁၇ ခုနှစ် ဇွန်လကနေ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီအာဏာသိမ်းကာလအတွင်း တိုင်းစစ်ဌာနချုပ် ၁၄ ခုတွင် စစ်တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့သူ ၃၆ ဦးအထိရှိခဲ့သည်ဟု ကိုလံဘီယာတက္ကသိုလ်ရှိ သုတေသနအဖွဲ့တစ်ဖွဲ့ဖြစ်သော Security Force Monitory ၏ အစီရင်ခံစာအရ သိရသည်။
သို့သော် အာဏာသိမ်းပြီး ၄၄ လအတွင်းမှာတော့ တပ်မှူး ၄၆ ဦးရှိကာ ၃၆ ရာ ခိုင်နှုန်းတိုးလာခဲ့သည်။ အာဏာသိမ်းပြီးနောက်ပိုင်း အလှည့်အပြောင်းများစွာဖြစ်ပွားခဲ့ပြီး အများစုမှာ စစ်ရေးအရအရေးပါသည့်နယ်မြေများကိုဆုံးရှုံးခဲ့ရသော တရုတ်နယ်စပ်တလျှောက်တွင်ဖြစ်သည်။
စစ်ခေါင်းဆောင်သည် တပ်မှူးများကိုလည်း အမြန်ဆုံးနည်းဖြင့် အလှည့်ကျခန့်အပ်နေသည်ကို တွေ့ရသည်။ ထိုသို့လုပ်ဆောင်နေခြင်းက မြန်မာစစ်တပ်ကိုပို၍ထိန်းချုပ်ထားနိုင်ရန်နှင့် သဘောထားကွဲလွဲမှုများကို တားဆီးရန်ကြိုးစားနေသော စစ်ခေါင်းဆောင်၏ကြိုးပမ်းမှုများကိုထင်ဟပ်စေသည်ဟု လေ့လာသုံးသပ်သူ ရဲမျိုးဟိန်းကပြောသည်။ ပြီးခဲ့သည့်နှစ်အတွင်းက မြန်မာစစ်တပ်၏ရှုံးနိမ့်မှုများသည် သစ္စာခံများထံက ဝေဖန်မှုများနှင့် မကြုံစဖူးသောဖိအားများကို ရင်ဆိုင်ခဲ့ရစေသည်။
တိုက်ပွဲများဖြစ်ပွားနေချိန်အတွင်း လားရှိုးမြို့သို့ စစ်ကူများလာရောက်နိုင်ခြင်းမရှိသည့်အပြင် အခြားဒေသများသည်လည်း စစ်ကူများမရရှိခဲ့ဟု သိရသည်။
“နောက်ဆုံးရရှိထားတဲ့ အချက်အလက်တွေအရဆိုရင်တော့ လက်ရှိတာဝန်ထမ်းဆောင်နေကြတဲ့ တိုင်းစစ် ဌာနချုပ်တွေကတိုင်းမှူးအများစုဟာ တိုင်းစစ်ဌာနချုပ်တွေကို အရင်တုန်းက တစ်ခါမှမကွပ်ကဲခဲ့ဖူးသူတွေပါ” ဟု Security Force Monitory သုတသေနအဖွဲ့၏ ဒါရိုက်တာ တိုနီဝီလ်ဆင်ကပြောသည်။
Ref: How an anxious China is backing Myanmar’s faltering junta in civil war