သဇင်
ဧပြီ ၄၊၂၀၂၃။
ရန်ကုန်အခြေစိုက် ခြေမြန်တပ်ရင်း ခမရ(၇၀၄) စစ်ကြောင်းသည် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊နှောကန်ကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်ပြီး ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည် ဟု ဒေသခံများကပြောသည်။
“ရွာသားတွေကိုလဲ အဝတ်တွေအကုန်ချွတ်ခိုင်းပြီး လက်မြှောက်ခိုင်းထားတာ။ ရွာသားတွေ တောင်းတောင်းပန်ပန်နဲ့ ပြောတာတောင်မရဘူး။သူတို့က တစ်ရွာလုံးကို မီးရှို့ပစ်မှာလို့ပြောပြီး တစ်အိမ်ချင်းစီ လိုက်ရှို့တာ။အဖွားတစ်ယောက် လေဖြတ်ပြီး အိမ်ထဲမှာ ရှိနေတယ်လို့ပြောတာတောင်မရဘူး။ သူတို့က အကုန်မီးရှို့ပစ်တာ” ဟုဒေသခံတစ်ဦးက ပြောသည်။
စစ်ကြောင်းထိုး မီးရှို့မှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ် (၁၂၀) ခန့် ပျက်စီးကာအသက်(၇၈) နှစ် အရွယ် အဘွားအိုတစ်ဦး မီးလောင်သေဆုံးကာ အသက်(၇၀)ကျော် အဘိုးအိုတစ်ဦးလည်း မီးလောင်ဒဏ်ရာရခဲ့သည် ဟု ၎င်းကဆက်ပြောသည်။
ယင်းသို့မီးမရှို့မှီ ဧပြီလ ၂ ရက်နေ့ နေ့လည် ၁၁ နာရီခန့်တွင် မင်းတိုင်ပင် နှင့် နှောကန်ကျေးရွာကြားတွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား ထိတွေ့မှုဖြစ်ပွားခဲ့ရာ စစ်ကောင်စီ အရာရှိတစ်ဦးအပါဝင်တပ်ဖွဲ့ဝင် (၃) ဦးသေဆုံးခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။
ကျေးရွာအတွင်းရှိ ကျွဲနွားများပါမကျန် မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် လတ်တလောတွင် စားဝတ်နေရေးအခက်အခဲများရှိနေသည် ဟု နေအိမ်ဆုံးရှုံးခဲ့ရသည့် ဒေသခံတစ်ဦးက ပြောသည်။
“ရွာထဲကထွက်လာခဲ့ရတုန်းက အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ဗျ ။စားစရာတွေပါမကျန်အကုန်ရှို့သွားတာဗျာ။ပြန်ယူစရာလည်း ဘမကျန်ဘူး“ဟု ၎င်းက ပြောသည်။
မီးရှို့ဖျက်ဆီးခြင်းခံရသည့် နှောကန်ကျေးရွာဒေသခံများသည် အနီးတဝှိုက်ရှိဘုန်းတော်ကြီးကျောင်းများတွင်နေထိုင်နေရပြီး စားနပ်ရိက္ခာများအရေးပေါ်လိုအပ်နေသည်ဟု စစ်ဘေးရှောင်ကူညီရေးအဖွဲ့များက ထုတ်ပြန်ထားသည်။
ပုံစာ–မီးရှို့ဖျက်ဆီးခံရသည့် နှောကန်ကျေးရွာမြင်ကွင်း။
Photo-ပေးပို့။
*********************************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/kazoupBwT0Y
Website -> https://thanlwinkhet.com/?p=3370
Website ->https://eng.thanlwinkhet.net