သံလွင်ခက်။
ဧပြီ ၅၊ ၂၀၂၃။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်အတွင်းသို့ ဧပြီလ ၄ ရက် ည ၈ နာရီဝန်းကျင်ခန့်တွင် လေကြောင်းဖြင့် နှစ်ကြိမ် ပစ်ခတ်မှု ပြုလုပ်ခဲ့သည်ဟု ရှေ့တန်းရဲဘော်များထံက သိရသည်။
ကသာမြို့နယ်၊ ကျွန်တောကုန်းကျေးရွာနှင့် ပေလမ်းကုန်းကျေးရွာအနီး ပစ်ခဲ့ခြင်းဖြစ်ပြီး ကျွန်းတောကုန်းကျေးရွာရှိ နေအိမ် နှစ်လုံး မီးလောင်ပျက်စီးခဲ့သည်ဟု ဒေသခံတစ်ဦးက သံလွင်ခက်ကို ပြောသည်။
“ဗုံးသီးက ၁၁ လုံးကွဲပြီး ၂ လုံးက မကွဲဘဲ ကျန်သေးတယ်။ အိမ်တွေပျက်စီးတယ်။ လူတစ်ယောက် ခြေထောက်ဒဏ်ရာရတယ်။ သေဆုံးမှုတော့ မရှိဘူး” ဟုလည်း ရှေ့တန်းရဲဘော်တစ်ဦးက ပြောသည်။
ယခုရက်သတ္တပတ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်တွင် ဒေသခံကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြင်းထန်နေသည်ဟု ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ပြောသည်။
ဧပြီလ ၄ ရက်တွင် အင်းရွာမှ ထွက်ကာ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် သုံးကြိမ်တိုင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုများရှိခဲ့သည်ဟု ရှေ့တန်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
“မျက်မြင်သက်သေတွေရဲ့ ပြောဆိုချက်အရ စစ်ကောင်စီဘက်က ကသာကို လာကြိုရတဲ့ အနေအထားထိ ရှိတယ်လို့ ပြောတယ်။ ဘယ်နှစ်ဦးလို့တော့ ခန့်မှန်းလို့ မရဘူး” ဟု ၎င်းကပြောသည်။
လတ်တလောတိုက်ပွဲများကြောင့် ကသာမြို့နယ်နှင့် ထီးချိုင့်နယ်စပ် ဖြစ်သည့် အလယ်ကျွန်းကျေးရွာ၊ သံတောင်ကျေးရွာ၊ ဆိပ်ငူကျေးရွာ၊ မရသိမ်ကျေးရွာ အပါအဝင် ဒိုးပင်ကျေးရွာ၊ ပျဉ်းလေးပင်ကျေးရွာ၊ ဖုန်ကုန်းကျေးရွာ၊ကျွန်းတောကျေးရွာ၊ ပေလမ်းကုန်းကျေးရွာနှင့် အင်းရွာကျေးရွာများရှိ ဒေသခံ တစ်သောင်းခန့် တိုက်ပွဲတိမ်းရှောင်နေရသည်ဟု ကူညီသူများထံကသိရသည်။
ပုံစာ – ကရင်နီပြည်နယ်တွင်းမြင်တွေ့ရသည့် စစ်ကောင်စီတိုက်ခိုက်ရေး လေယာဉ်တစ်စီး/ ပုံအဟောင်း
Photo – FBR Karenni
*********************************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/kazoupBwT0Y
Website -> https://thanlwinkhet.com/?p=3392
Website ->https://eng.thanlwinkhet.net