သံလွင်ခက်။
ဧပြီ ၇၊ ၂၀၂၃။
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို ယနေ့ နံနက်တွင် မြစ်ကြီးနားထောင်တရားရုံးက ထောင်ဒဏ် (၆) နှစ်ချမှတ်လိုက်သည်ဟု ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ၏ တာဝန်ရှိသူတစ်ဦးက သံလွင်ခက်ကို ပြောသည်။
“၆ နှစ်ချလိုက်ပါတယ်။ သေချာသွားပြီ။ ထောင်တရားရုံးမှာပဲ ချလိုက်တာပါ” ဟု ၎င်းကပြောသည်။
စစ်ကောင်စီက ဒေါက်တာခလမ်ဆမ်ဆွန်ကို မတရားအသင်းအက်ဥပဒေ ၁၇-(၁)အပါအဝင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅–က နှင့် အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၂–က တို့ဖြင့် တရားစွဲဆိုပြီးနောက် ယခုကဲ့သို့ အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။
ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ(၅)ရက်နေ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ဆေးစစ်ရန် သွားချိန် မန္တလေးတံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးပြီးနောက် စစ်ကြောရေးတွင် ၂၄ ရက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် မြစ်ကြီးနားအကျဉ်းထောင်သို့ ရွှေ့ပြောင်းကာ မြောက်ပိုင်းတိုင်းစစ်ဌာနမှ ဗိုလ်မှူး သူအောင်ဇော်က တရားလိုပြုလုပ်၍ တရားစွဲဆိုခဲ့သည်။
ဒေါက်တာခလမ်ဆမ်ဆွန်သည် ၂၀၁၉ ခုနှစ်အတွင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံစဉ်မြန်မာနိုင်ငံရှိ ခရစ်ယာန်ဘာသာဝင်များကို စစ်တပ်က ညှဉ်းပန်းနှိပ်စက်မှုများရှိသည်ဟု ပြောဆိုခဲ့သည်။
ယင်းသို့ပြောဆိုမှုများနှင့် ပတ်သတ်၍ ဒေါက်တာခလမ်ဆမ်ဆွန်ကို အရေးယူပေးရန် စစ်တပ်က တရားရုံး၌ဦးတိုက်လျှောက်ထားခဲ့သော်လည်း ရက်ပိုင်းအတွင်း အမှုရုပ်သိမ်းကာ စစ်ခေါင်းဆောင်ကိုယ်တိုင် ဖိတ်ခေါ်တွေ့ဆုံခဲ့ဖူးသည်။
*********************************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/kazoupBwT0Y
Website -> https://thanlwinkhet.com/?p=3432
Website ->https://eng.thanlwinkhet.net