သံလွင်ခက်။
ဧပြီ ၉၊ ၂၀၂၃။
ကချင်ပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်တွင် ဧပြီလ ၆ ရက်နေ့နှင့် ၇ ရက်နေ့က ကချင်လွတ်မြောက်ရေးတပ် (KIA) ၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ KPDF ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့အကြား တိုက်ပွဲများ ပြင်းထန်ခဲ့သည်ဟု ရှေ့တန်းရောက်ရဲဘော်များက သံလွင်ခက်ကိုပြောသည်။
အင်အား ၁၀၀ ကျော်ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဧပြီလ ၆ ရက်နေ့က အင်းတော်မြို့နယ် နန့်သာကျေးရွာမှ မော်တိတ်ကျေးရွာသို့ နယ်မြေကင်းလှည့်စဉ် KIA ပူးပေါင်းတပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ရှေ့တန်းရောက် ရဲဘော်တစ်ဦးက ပြောသည်။
ထို့ပြင် ဧပြီလ ၇ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ တပ်စွဲထားသည့် နံ့သာကျေးရွာသို့ KIA ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခဲ့သည်ဟု Indaw Revolution – IR မှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောဆိုသည်။
အဆိုပါ နှစ်ရက်တာ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးခန့်သေဆုံးခဲ့သည်ဟု Indaw Revolution – IR တာဝန်ရှိသူတစ်ဦးက သံလွင်ခက်ကို ပြောသည်။
“စစ်ကောင်စီဘက်မှ သေဆုံးသူနဲ့ ဒဏ်ရာရတဲ့သူကို နာရေးကားတစ်စီး၊ စစ်ကားတစ်စီးနဲ့ အင်းတော်မြို့တပ်ကုန်းထဲကို သယ်ဆောင်သွားတယ်။ သေဆုံးသွားတဲ့ စစ်ကောင်စီတွေကို တပ်ထဲမှာပဲ သင်္ဂြိုလ်ပြီး ဒဏ်ရာရတဲ့သူတွေကိုလည်း အဲ့မှာပဲ ဆေးကုသပေးနေတယ်” ဟုပြောသည်။
တိုက်ပွဲတွင် KIA ရဲဘော်နှင့် KPDF ရဲဘော် စုစုပေါင်း လေးဦး ကျဆုံးကာ ငါးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသည့် ရဲဘော်များမှာ အသက်အန္တရာယ် မစိုးရိမ်ရဘဲ ဆေးကုသမှု ခံယူနေသည်ဟု ၎င်းက ဆက်ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အင်အား ၅၀ ဦးခန့်ဖြင့် နန့်သာကျေးရွာ၏ ရွာနီးကပ် အောင်းကုန်းကျေးရွာတွင် တပ်စွဲထားပြီး နှစ်ဘက်စစ်ရေးတင်းမာ လျှက်ရှိသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
စစ်ကောင်စီက အင်းတော်မြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုး တပ်စွဲလျက်ရှိသဖြင့် နန့်သာကျေးရွာ၊ အောင်းကုန်းကျေးရွာ၊ အင်ပင်ကျေးရွာအပါအဝင် မော်တိတ်ကျေးရွာနှင့် ရွာသာယာကျေးရွာက ဒေသခံတစ်ထောင်ခန့်သည် ဘေးလွတ်ရာသို့ တိုက်ပွဲတိမ်းရှောင်နေရသည်။
*********************************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/kazoupBwT0Y
Website -> https://thanlwinkhet.com/?p=3455
Website ->https://eng.thanlwinkhet.net