Saw Smith
ဧပြီ ၁၀ ၊ ၂၀၂၃ ။
ကရင်ပြည်နယ်၊ မြဝတီမြို့တွင်း၌ အရေးပေါ်ကယ်ဆယ်ရေး လူနာတင်များဖြတ်သန်းသွားလာခြင်းမပြုရန် စစ်ကောင်စီကသတိပေးတားမြစ်ထားပြီး မလိုက်နာပါက ပစ်မိန့်ပေးထားသည်ဟု ခိုင်မာသည့်သတင်းအရင်းအမြစ်များထံမှ သိရသည်။
PDF များသည် ကယ်ဆယ်ရေးကားများကို အသုံးပြုပြီး အယောင်ဆောင် ပြုလုပ်ကာ မြို့တွင်းသို ဝင်ရောက်လာမည်ကိုကြိုတင်သတင်းရရှိသောကြောင့်မြဝတီမြို့တွင်း ကယ်ဆယ်ရေးကားများကို အကန့်အသတ်မရှိ ရပ်နားထားခိုင်းလိုက်ပြီး မလိုက်နာပါက ပစ်မိန့်ပေးထားကြောင်း သတင်းရရှိသည်ဟု တပ်တွင်းသတင်းပေးထံမှ ရရှိသည့်အခြေအနေအား ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
အဆိုပါသတင်းအား မြဝတီမြို့တွင်းရှိ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များကို တရားဝင်စာထုတ်ပြောကြားခြင်းမရှိသော်လည်း နီးစပ်သူများထံမှ အချင်းချင်းသိရှိကြရပြီး လုံခြုံရေးအခြေအနေစိုးရိမ်ရ၍ လူနာတင်ယာဥ်ကားများမထွက်ကြဟု အလင်းသစ်ပရဟိတအသင်းဥက္ကဋ္ဌက ဦးဇော်ဦးက သံလွင်ခက်ကိုပြောသည်။
” ကားတွေကိုရုံးမှာပဲ ဒီအတိုင်းထားထားရတယ်။ ကျွန်တော်တို့ကို တရားဝင်စာထုတ်ပြီး သတိပေးတာမဟုတ်ဘူး။အသင်းအဖွဲ့တွေ အချင်းချင်းကြား ဒီအတိုင်းပဲ ဖုန်းဆက်အကြောင်းကြားတာ “ဟု ၎င်းကသံလွင်ခက်ကိုပြောသည်။
စစ်ကောင်စီက မြဝတီမြို့တွင်းဖြတ်သန်းသွားလာသည့် လူနာတင်ကားများကိုပစ်မည်ဆိုသော သတင်းကြောင့်ကားအင်အား၊ လူအင်အားများသည့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်ကားများပင်မထွက်ဟု လူမှုကူညီရေးအသင်းများထံမှ သိရသည်။
လူနာတင်ယာဥ်များမထွက်သောကြောင့် အဆိုပါသတင်းကို ကြိုတင်မကြားသိရသည့် လူနာများအနေဖြင့်အခက်အခဲတွေ့နေကြရသည်။
” ထိုင်းနိုင်ငံဘက်ကနေ ပြန်လာတဲ့လူနာတွေလေ အခုချိန်ပြန်မလာဖို့ပေါ့နော်။ အခုချိန်ပြန်လာရင် ဒီမှာအရမ်းဒုက္ခရောက်တာ။ ဒီနေ့ဆိုလူနာတစ်ယောက်တော်တော်ဒုက္ခရောက်သွားတယ်။ ထိုင်းဘက်ကနေလာပြီး ကားငှားပြီးပို့လိုက်ရတာ ။ ဘားအံရောက်မှ လူနာတင်ယာဥ်ပေါ်တင်ပေးလိုက်ရတာ “ဟု ဦးဇော်ဦးက သံလွင်ခက်ကိုပြောသည်။
အဆိုပါလူနာသည် ထိုင်းနိုင်ငံဘန်ကောက်တွင် အလုပ်သွားရောက်လုပ်ကိုင်နေသူဖြစ်ပြီး ကျန်းမာရေးမကောင်း၍မဲဆောက်–မြဝတီအမှတ်၁ ချစ်ကြည်ရေးတံတားမှ မြဝတီဘက်ကို ရောက်ရှိလာခြင်းဖြစ်ပြီး အောက်ဆီဂျင်နှင့်သွေးများ သွင်းစရာမလိုသည့် အရေးပေါ် လူနာမဟုတ်သောကြောင့် အခြားကားဖြင့် သယ်ယူပို့ဆောင်ပေးရတာအဆင်ပြေသွားခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
ထိုင်းနိုင်ငံဘက်မှပြန်လာမည့် မြန်မာအလုပ်သမားလူနာများအနေဖြင့် ယခုလက်ရှိကာလအတွင်း မြဝတီနယ်စပ်မှပြန်လာလျှင်လုံးဝအဆင်မပြေကြောင်းနှင့် မဖြစ်မနေပြန်လာမည့်လူနာများ အခြားလမ်းကြောင်းကို အသုံးပြုကြရန် အလင်းသစ်ပရဟိတအဖွဲ့က သတိပေးထားသည်။
*********************************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/kazoupBwT0Y
Website -> https://thanlwinkhet.com/?p=3481
Website ->https://eng.thanlwinkhet.net