Saw Smith
ဧပြီ ၁၀ ၊၂၀၂၃ ။
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ရှော့တိုက်ဗုံးများကျရောက်ပေါက်ကွဲခဲ့ပြီးကလေးငယ်တစ်ဦးအပါအဝင်ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ယနေ့ဧပြီလ ၁၀ရက် ၊ နံနက် ၁၀ နာရီခွဲကျော်အချိန်နှင့် ၁၁ နာရီခွဲခန့်အချိန်တို့တွင် မြဝတီမြို့ အမှတ်၆ ရပ်ကွက်နှင့်အမှတ်၅ ရပ်ကွက်တို့တွင် ရှော့တိုက်ဗုံးများပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
” ရှော့တိုက်ဗုံးနှစ်နေရာကွဲတာပေါ့။ တစ်နေရာကBGF အရာရှိ တစ်ဦးရဲ့အိမ်နားမှာ။ နောက်တစ်နေရာက မြဝတီအောက်ဆီဂျင်စက်ရုံနားမှာ တစ်လုံးကွဲတယ်။ ဗုံးကွဲတာက တိုးချဲ့ရပ်ကွက် ၆ မှာပါ “ဟု မြဝတီမြို့ခံအမျိုးသားတစ်ဦးကသံလွင်ခက်ကိုပြောသည်။
မြဝတီရပ်ကွက်၆ အတွင်းဗုံးပေါက်ကွဲမှုကြောင့် အနီးအနားရှိလမ်းသွားလမ်းလာ အမျိုးသားတစ်ဦးနှင့်ကလေးတစ်ဦးတို့ ဝမ်းဗိုက်၊ နောက်ကျောနှင့်ခြေထောက်တို့တွင်ဒဏ်ရာရရှိခဲ့သည်။
အလားတူ မြဝတီမြို့၊အမှတ်(၅)ရပ်ကွက် မြေနီကုန်းမီးပွိုင့်အနီး တံတား(၂)လမ်းမကြီးပေါ်တွင် ရှော့တိုက်ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး ထိခိုက်မှုမရှိခဲ့ဟု သိရသည်။
” အဲ့နေရာက ဘာမှမရှိဘူး။ မြို့အပြင်ဘက်ပဲ မီးပွိုင့်ကျော်လို့ ဘယ်ချိုးရင် ဘားအံ၊ ညာချိုးရင် တံတား ၂ပဲ။ ပွိုင့်မှာ ယာဥ်ထိန်းရဲတစ်ယောက်၊နှစ်ယောက်လောက်ပဲရှိတတ်တယ် “ဟု ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။
ထိုင်း–မြန်မာနယ်စပ်မြဝတီမြို့အနီးတွင် ပြီးခဲ့သည့်မတ်လ ၂၅ရက်တွင် ကုန်သွယ်ရေးဇုန်၊ သင်္ဃန်းညီနောင်နှင့် မြဝတီ ၂၇၅ တပ်တို့တွင် တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီး ထိတွေ့တိုက်ပွဲယခုလအထိ မကြာမကြာဖြစ်ပွားနေသည်။
တိုက်ပွဲများကြောင့် မြဝတီမြို့အပြင်ဘက် ကုန်သွယ်ရေးဇုန်ထိပ်ရှိ မဲကနယ်ကျေးရွာမှ ပြည်သူများထောင်ချီ၍စစ်ရှောင်နေကြရဆဲဖြစ်သည်။
ထို့ပြင် စစ်ရေးတင်းမာနေဆဲအခြေအနေဖြစ်ပြီး လက်နက်ကြီးပစ်ခတ်မှုများမှာလည်းနေ့စဥ်နီးပါးရှိနေသောကြောင့် မြဝတီမြို့တွင်းရှိပြည်သူတချို့ပင်လျှင် ရှောင်တိမ်းနေကြရသည်ဟု သိရသည်။
ယခုသတင်းတွင် စိတ်မချမ်းမြေ့ဖွယ်ဓာတ်ပုံများပါရှိပြီး ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုများကို သံလွင်ခက်၏ ဝက်ဆိုက်နှင့်တယ်လီဂရမ်ချန်နယ်တို့တွင် ကြည့်ရှု့နိုင်သည်။
*********************************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/kazoupBwT0Y
Website -> https://thanlwinkhet.com/?p=3497
Website ->https://eng.thanlwinkhet.net