ကောင်းချစ်အောင်
ဧပြီ ၁၁ ၊ ၂၀၂၃ ။
ရန်ကုန်–မန္တလေး အမြန်လမ်းတွင် လမ်းလယ် ကွန်ကရစ်တုံးကိုတိုက်မိ၍ ခရီးသွားပြည်သူ ၄ဦးသေဆုံးခဲ့သည်ဟုကယ်ဆယ်ကူညီပေးနေသူများထံမှ သိရသည်။
ယမန်နေ့တွင် ရန်ကုန်–မန္တလေး မိုင်တိုင်အမှတ် ၃၂၆မိုင်အနီး၌ မန္တလေးမှ နေပြည်တော်ဘက်သို့ မောင်းနှင်လာသည့် Honda Civic ယာဥ် သည် လမ်းလယ်ကွန်ကရစ်တုံးကိုတိုက်မိပြီး ကားမီးလောင်၍ ယာဉ်ပေါ်ပါ အမျိုးသားသုံးဦး သေဆုံးခဲ့သည်။
ယနေ့ဧပြီလ ၁၁ရက်၊ နံနက် ၁၁ နာရီဝန်းကျင်ခန့်တွင်လည်း ရန်ကုန်မြို့မှ နေပြည်တော်သို့သွားသည့် Toyota Wish အမျိုးအစားယာဉ်သည် မိုင်တိုင်အမှတ် ၈၉/၀ နှင့် ၈၉/၁ အကြားတွင် လမ်းလယ် ကွန်ကရစ်တုံး ဝင်တိုက်မိ၍သေဆုံးမှုဖြစ်ပွားခဲ့သည်ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက သံလွင်ခက်ကိုပြောသည်။
“အရှိန်မထိန်းနိုင်ဘဲလမ်းလယ်ကျွန်းက ဘယ်ရီတုံးတွေကို ဝင်တိုက်တာ ကျွန်တော်ရောက်တော့ ကားကကန့်လန့်ကြီးပဲ“ဟု ၎င်းကပြောသည်။
အဆိုပါယာဉ်တိုက်မှုအတွင်း ယာဉ်မောင်းဖြစ်သူ အသက်၃၃ နှစ်အရွယ် ကိုဟိန်းထက်အောင်မှာ ပွန်းပဲ့ဒဏ်ရာများသာရရှိခဲ့သော်လည်း ဇနီးဖြစ်သူ အသက်၃၅နှစ်အရွယ် မချိုလွင်ဇင်မှာ ပွဲချင်းပြီးသေဆုံးသွားခဲ့သည်ဟု မြို့ချောင်းအမြန်လမ်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
“မချိုလွင်ဇင်က ဦးခေါင်းထိခိုက်ဒဏ်ရာ ညာဘက်မေးစေ့ပေါက်ပြဲဒဏ်ရာနဲ့ အခင်းဖြစ်ပွားရာနေရာမှာပဲ ပွဲချင်းပြီးသေသွားတာ“ဟု အတည်ပြုပြောကြားသည်။
ယာဉ်မောင်းဖြစ်သူ အမျိုးသားကို ယာဉ်စည်းကမ်းလုပ်ရိုးလုပ်စဉ်များနှင့်အတူ ဆက်လက်အမှုဖွင့် အရေးယူသွားမည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။
ဒဏ်ရာရရှိသော ကိုဟိန်းထက်အောင်ကို မြို့ချောင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးလိုက်ပြီး သေဆုံးသူအမျိုးသမီးအလောင်း(dead body)ကို စစ်ဆေးနိုင်ရန် တပါတည်း သယ် ဆောင်လာခဲ့သည်ဟု လိုက်ပါပို့ဆောင်ပေးသည့် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။
ကိုဟိန်းထက်အောင်သည် အပြင်ဒဏ်ရာ ကြီးကြီးမားမားမရသော်လည်း ဓာတ်မှန်ရိုက်စစ်ဆေးသွားရန်အတွက်ရန်ကုန်ပြည်သူ့ဆေးရုံသို့ ဆက်လက်လွှဲပြောင်းပေးသွားမည်ဟု မြို့ချောင်းပြည်သူ့ဆေးရုံမှ တာဝန်ခံဆရာဝန်တစ်ဦးက ဆိုသည်။
“အလောင်းကိုတော့ မှုခင်းဆိုင်ရာအရ စစ်ဆေးနေပါတယ်။ ပြီးရင်တော့ ရေတာရှည်က အိမ်ကိုပြန်သယ်သွားမယ်လို့ပြောတယ်“ဟု ဆိုသည်။
ရန်ကုန်–မန္တလေးအမြန်လမ်းပေါ်တွင် ယာဥ်မတော်တဆမှုများ မကြာခဏဖြစ်ပွားနေကာ
ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း အမြန်လမ်းပေါ်တွင် အရှိန်ကျော်မောင်းနှင်သည့် မော်မော်တော်ယာဉ်ပေါင်း၁၁၀၀၀ကျော်ကို အရေးယူခဲ့သည်ဟု အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
ယခုသတင်းတွင် စိတ်မချမ်းမြေ့ဖွယ်သတင်းဓာတ်ပုံများပါရှိနေပြီး အဆိုပါ သတင်းဓာတ်ပုံများအား သံလွင်ခက်၏ဝက်ဆိုက်နှင့် တယ်လီဂရမ်တို့တွင် ကြည့်ရှု့နိုင်သည်။
ပုံစာ–ယနေ့ဧပြီလ ၁၁ရက်တွင် အမြန်လမ်းဖြစ်ပွားသည့် ယာဥ်မတော်တဆဖြစ်ပွားမှု။
ဓာတ်ပုံ-Ko Zay
*******************************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.com/?p=2838
Website ->https://eng.thanlwinkhet.net