သံလွင်ခက်။
ဧပြီ ၁၂၊ ၂၀၂၃။
ရက်ပေါင်း ၂၀ ကြာဖြစ်ပွားခဲ့သည့် ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က တိုက်ပွဲများတွင် ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်နှစ်ဖက်စလုံး မှ ထိခိုက်ကျဆုံးမှုများရှိခဲ့သည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များ ကပြောသည်။
မတ်လ ၂၃ ရက်နေ့မှ စတင်ကာ ရွှေကူမြို့နယ်တွင် ကချင်လွတ်မြောက်ရေးတပ် (KIA) ၊ ဒေသခံလုံခြုံရေးအဖွဲ့(LDF) ၊ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအကြား နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။
စစ်ကောင်စီတပ်ဘက်မှ စစ်ကြောင်းမှူးအဆင့်ရှိသည့် တပ်ဖွဲ့ဝင်နှင့် တပ်သား သေဆုံးမှုများရှိသည်ဟု ရှေ့တန်းရောက် ရဲဘော်တစ်ဦးကပြောသည်။
“သူတို့ဘက်က စစ်ကြောင်းမှူးတွေထိ သေဆုံးတဲ့သူ ရှိတယ်။ သူတို့ရဲ့ တံဆိပ်တွေ၊ အဝတ်အစားတွေ သူတို့ မြေတူးပြီး မြုပ်ထားတာတွေလည်း တွေ့တယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးစာရင်းသည် ဆယ်နှင့်ချီရှိပြီး တိုက်ပွဲများကြောင့် KIA ရဲဘော် နှစ်ဦးနှင့် ဒေသခံလုံခြုံရေးအဖွဲ့ (LDF) ရဲဘော် သုံးဦး ကျဆုံးခဲ့သည်ဟု ခိုင်လုံသည့် ရှေ့တန်းရဲဘော်တစ်ဦးက သံလွင်ခက်ကိုပြောသည်။
“သူတို့ဘက်သေဆုံးမှုတွေကိုတော့ စီစစ်နေတုန်းပဲ။ လောလောဆယ်အထိ LDF ထဲက ရဲဘော် သုံးယောက်၊ KIA ကနှစ်ယောက် စုစုပေါင်း ငါးယောက် ကျထားတယ်” ဟု ၎င်းကပြောသည်။
ရက်ပေါင်း ၂၀ အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရွှေကူမြို့ အနောက်ဘက်ရှိ ကျေးရွာ ၁၂ ရွာက လူနေအိမ်၃၀၀၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ယနေ့နံနက်က ရွှေကူမြို့တွင်းသို့ ပြန်လည်တပ်ဆုတ်သွားသည်ဟု ရှေ့တန်းရဲဘော်များက ပြောသည်။
အင်အား ၄၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဧပြီလ ၁၀ ရက်နေ့ကလည်း စီမော်ကျေးရွာသစ်နှင့်ကျေးရွာဟောင်းကို မီးရှို့ဖျက်ဆီးခဲ့ပြီး ယနေ့နံနက်ပိုင်းက နန့်လှန်ကျေးရွာ၊ နောင်လက်ကြီးကျေးရွာနှင့် ဝင်ဝကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။
တိုက်ပွဲများကြောင့် ရွှေကူမြို့နယ် နန့်လှန်ကျေးရွာ၊ စီမူကြီးကျေးရွာ၊ စီမူလေးကျေးရွာ အပါအဝင် မံဝိန်းကျေးရွာ၊စီသာကျေးရွာနှင့် စီသောင်ကျေးရွာက ဒေသခံတစ်သောင်းခန့်မှာလည်း တိုက်ပွဲတိမ်းရှောင်နေရဆဲဖြစ်သည်။
*******************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.com/?p=3542
Website ->https://eng.thanlwinkhet.net