Saw Smith
ဧပြီ ၁၂ ၊ ၂၀၂၃ ။
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အစပ်ဘက်သို့စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးတပ်များ စုပေါင်းတိုက်ခိုက်ခဲ့ရာ ၁၈ဦးထက်မနည်း သေဆုံးခဲ့သည်ဟု သိရသည်။
မင်းတပ်မြို့နယ် တိုက်နယ် (၁) ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို CDF-MINDAT နှင့် ယောကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တို့က ခုခံတိုက်ခိုက်ခဲ့ရာ ဧပြီလ ၇ ရက်၊ နံနက်၆နာရီခွဲမှ ညနေ ၆း၂၀ နာရီအထိ တစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့သည်။
အဆိုပါတိုက်ပွဲအတွင်း၌ စစ်ကောင်စီတပ်ဘက်မှ ၁၅ ဦးထက်မနည်းသေဆုံးပြီး ကာကွယ်ရေးတပ်ဖွဲ့များဖက်မှရဲဘော်တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ယနေ့တွင်မင်းတပ် CDFက သတင်းထုတ်ပြန်သည်။
ထို့ပြင် စစ်ကောင်စီတပ် နှင့် CDF-MINDAT တို့သည် ဧပြီ ၁၀ ရက်၊ ည နေ၆နာရီ အချိန်တွင် မင်းတပ်မြို့အနီး (၉) မိုင်ဖက်၌လည်း တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဖက်မှ ၃ ဦးသေဆုံးပြီး CDF-MINDAT ဖက်မှ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာ ခဲ့သည်။
” စစ်ကောင်စီတပ်စစ်ကြောင်းတွေက ကျောက်ထုအမြောက်တပ်ထဲ ပြန်လှည့်သွားပါပြီ “ဟု မင်းတပ်CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်ကသံလွင်ခက်ကိုပြောသည်။
လက်ရှိတွင်စစ်ကောင်စီတပ်သည် မင်းတပ်မြို့နယ်အတွင်းကို စစ်ကြောင်းထိုးမှုမရှိသေးသော်လည်း လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေသည်။
” လေကြောင်းတိုက်ခိုက်မှုရှိတော့ လမ်းကြောင်းကြိုရှင်းတာလဲဖြစ်နိုင်တယ်။ ဒါမှမဟုတ်အပြစ်မဲ့ပြည်သူတွေကိုတိုက်ခိုက်တာလဲ ဖြစ်နိုင်တယ်။ စောင့်ကြည့်ရမယ့်အခြေအနေရှိပါတယ် “ဟု ဆလိုင်းဟာအွမ်ကပြောသည်။
မင်းတပ်နှင့်ကျောက်ထုဒေသအစပ်ကို စစ်ကောင်စီတပ်က အင်အား၁၅၀ ဦးဝန်းကျင်ရှိ စစ်ကြောင်းနှစ်ကြောင်းဖြင့်စစ်ကြောင်းထိုးလာသောကြောင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းက လက်နက်ကြီးပစ်ကူများပေးခဲ့သည်ဟု ကျောက်ထုကာကွယ်ရေးတပ်တာဝန်ရှိသူ ဗိုလ်ရန်ကင်းကသံလွင်ခက်ကို ပြောသည်။
“မင်းတပ် ခလရ ၂၇၄ ကနေပြီးတော့တိုက်ပွဲဖြစ်ပွားရာကျောက်ထုဒေသအစပ်ဘက်ကို တောက်လျောက်လက်နက်ကြီးနဲ့ပစ်တယ်။ လက်နက်ကြီးက ၁၂၀ မမ မဟုတ်ဘဲနဲ့ ဟောင်ဝှစ်ဇာလို့ခေါ်တာလား အဲ့ဒါတွေနဲ့ အတွဲလိုက်ပစ်တာပေါ့နော် “ဟု ဧပြီလ ၇ရက်နေ့တိုက်ပွဲ၌ လက်နက်ကြီးပစ်ခတ်မှုအခြေအနေအား
၎င်းကပြောသည်။
စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားသည့် ဧပြီ၇ရက်တွင် ည ၁၁း၃၁ အချိန်မှ ၁၂း၁၅ အချိန် ဂျက်ဖိုက်တာဖြင့် ၈ ကြိမ်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထို့ပြင်ယမန်နေ့ညတွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဂျက်ဖိုက်တာ၂စီး ဖြင့် မင်းတပ်မြို့နယ် အမှတ် (၁) ကျေးရွာ အနီးနှင့် ကျေးရွာထဲများအတွင်းသို့ဗုံး ၄ လုံးကြဲချတိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုတွင်ဘုန်းကြီးကျောင်း၊ လူနေအိမ်(၁)လုံးပျက်စီးသွားခဲ့ပြီး ပြည်သူထိခိုက်မှုမရှိခဲ့ဟု မင်းတပ်CDFက သတင်းထုတ်ပြန်ထားသည်။
ပုံစာ-Chin Defence Force – Mindatတပ်ဖွဲ့ဝင်များ ။
*******************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.com/?p=3548
Website ->https://eng.thanlwinkhet.net