Saw Smith
ကရင်နီပြည် (ကယားပြည်နယ်)၊ လွိုင်ကော်မြို့ စစ်ကောင်စီဗဟိုမဏ္ဍပ်တွင် ယနေ့သင်္ကြန်အကြတ်နေ့၌ ဗုံးပေါက်ကွဲခဲ့ရာ ၂၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ယနေ့ ဧပြီလ ၁၅ ရက်၊ နံနက် ၉ နာရီခွဲခန့်တွင် လွိုင်ကော်မြို့ ပြည်နယ်ထွေအုပ်ရုံးရှေ့ရှိ သင်္ကြန်မဏ္ဍပ်တွင် ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ တာဝန်ရှိသူက သံလွင်ခက်ကို ပြောသည်။
“သင်္ကြန်မဏ္ဍပ်က ပြည်နယ်ထွေအုပ်ရုံးရှေ့မှာလို့ ပြောရမှာပေါ့။ ဒရုန်းနဲ့ ဗုံးချတာလို့ သိရတယ်။ ဗုံးပေါက်တာက နှစ်နေရာ၊ ထွေအုပ်ရုံးမှာက သိရသလောက်က ထိခိုက်သူတွေထဲ ဝန်ကြီးချုပ်ရဲ့ ကိုယ်ရေးအရာရှိ(PSO) ပါတယ် ပြောတယ်။ ထိခိုက်ဒဏ်ရာရတာက ၂၄ ယောက် ကျော်တယ်” ဟု ၎င်းကပြောသည်။
သင်္ကြန်ယိမ်းအဖွဲ့များက တက်ရောက်လာသူများအား ဖျော်ဖြေပေးစဥ် ဗုံးကျရောက်ပေါက်ကွဲခြင်းဖြစ်ပြီး ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ အရာရှိတချို့ဒဏ်ရာရရှိသည်ဟု သတင်းများထွက်နေသော်လည်း သံလွင်ခက်အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
အဆိုပါဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က အမျိုးသား ၁၅ ဦးနှင့် အမျိုးသမီး ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားပြီး လွိုင်ကော်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားသည်ဟု ဖော်ပြထားသည်။
ထိုဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လွိုင်ကော်မြို့ရှိ စစ်ကောင်စီတပ်က ညနေပိုင်းတွင် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ စစ်ဘေးရှောင်များနေရာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီ၏ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုတွင် စစ်ဘေးရှောင်များ ထိခိုက်မှု မရှိခဲ့ဟု ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့တာဝန်ခံက ပြောသည်။
ကရင်နီပြည်တွင် ပြီးခဲ့သော ဖေဖော်ဝါရီလမှ ယခုလ ဧပြီလ ပထမအပတ်အတွင်းထိ စစ်ကောင်စီတပ်စစ်ကြောင်းထိုးမှုများကြောင့် ထိတွေ့တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေခဲ့ရာ လက်ရှိသင်္ကြန်ကာလအတွင်း၌ တိုက်ပွဲများ ပြန်ငြိမ်နေသည်ဟု ၎င်းက ပြောသည်။
ပုံစာ-လွိုင်ကော်မြို့၊ ဗဟိုသင်္ကြန်မဏ္ဍပ်နှင့် ဗုံးပေါက်ကွဲမှုတို့ကို စစ်ကောင်စီဝါဖြန့်မီဒီယာများက ဖော်ပြထားမှု ။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.com/?p=3597
Website ->https://eng.thanlwinkhet.net