Saw Smith
ဧပြီ ၁၉ ၊ ၂၀၂၃ ။
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းရှိ ကျေးရွာများတွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်များကို ကရင်နီပူးပေါင်းတပ်များက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အကျအဆုံးများပြီး လက်နက်ခဲယမ်းများပါ သိမ်းဆည်းရမိခဲ့သည်ဟု ကရင်နီစစ်ဘက်ဆိုင်ရာဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့KnMIC တာဝန်ခံ ခူးညေးရယ်က သံလွင်ခက်ကိုပြောသည်။
ဒီးမော့ဆို အရှေ့ခြမ်း ဒေါတမကြီးကျေးရွာအုပ်စုတောင်ဘက်ခြမ်းတွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်များကိုသင်္ကြန်အတက်နေ့ ဧပြီ ၁၆ ရက် နံနက်ပိုင်းတွင် ကရင်နီပူးပေါင်းတပ်များ သွားရောက်တိုက်ခိုက်ခဲ့ပြီး ယမန်နေ့ညနေပိုင်းအထိ သုံးရက်ဆက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
” ဒေါတမကြီးတောင်ဘက်မှာ ယာယီအခြေပြုတပ်စွဲထားတဲ့နေရာကို ဒီဘက်ကသွားတိုက်တာပေါ့။ အဲ့မှာစခန်းနှစ်ခုရှိတာ။ တစ်ခုကတော့ ရွာထဲဘက်ဆုတ်သွားတယ်။ အဲ့မှာမေးကြည့်တော့ ၂၀ ၊ ၃၀ လောက်ကျတယ်ပြောတယ်စစ်တပ်ဘက်ကလေ။ လက်နက်တွေလည်း သိမ်းဆည်းရမိတာက အဖွဲ့တွေခွဲပြီးရတာဆိုတော့ မစုရသေးတော့စာရင်းအတိအကျမရသေးဘူး ပြောတယ် “ဟု KnMIC တာဝန်ခံက သံလွင်ခက်ကို နံနက် ၁၀ နာရီခန့်တွင်ပြောသည်။
ဧပြီလ ၁၆ရက် နံနက်ပိုင်းတိုက်ခိုက်မှုတွင် အထိနာပြီးစခန်းဆုတ်ခွာခဲ့ရသောစစ်ကောင်စီတပ်သည် ထိုနေ့ နေ့လည်ပိုင်းနှင့်ညနေပိုင်းတို့တွင် တိုက်လေယာဉ်များဖြင့် နှစ်ကြိမ်လာရောက်တိုက်ခိုက်ခဲ့သည်။
ထို့နောက်ဧပြီ ၁၇ရက်တွင်လည်း ကျေးရွာများအတွင်းရှိစစ်ကောင်စီတပ်များကို ကရင်နီပူးပေါင်းတပ်များကလိုက်လံပစ်ခတ်ခဲ့ရာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယင်းနေ့ည ၁၂ နာရီအချိန်ခန့်တွင် လေကြောင်းမှ ထပ်မံလာရောက်တိုက်ခိုက်ခဲ့သည်။
” ၁၇ ရက်နေ့ည ၁၂နာရီလောက်မှာ လေယာဥ်တစ်စီးနဲ့သုံးခေါက်လာပစ်သွားတယ်။ နောက်ပြီးတော့ မနေ့ကညနေအထိပေါ့ တိုက်ပွဲသုံးရက်ပေါ့ ။ မနေ့က ညနေမှာလည်း လေယာဥ်နဲ့သုံးခေါက်လာပစ်သွားတယ်ပြောတယ်“ဟုရှေ့တန်းမှ ရဲဘော်များ၏သတင်းပေးပို့ချက်အား KnMIC တာဝန်ခံကပြောသည်။
စစ်ကောင်စီကလေကြောင်းမှလာရောက်တိုက်ခဲ့သော်လည်း ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေကြရသည့်အတွက် ထိခိုက်မှုမရှိကြောင်းသိရပြီး တိုက်ပွဲအတွင်း၌ KA ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်ဟု သိရသည်။
ဒီးမော့ဆိုအရှေ့ခြမ်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း စကခ ၂ ( စစ်ကောင်စီ၏အမှတ်၂စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်)လက်အောက်ခံ ခလရ ၁၂ ၊ ခမရ ၅၁၅ ၊ ၅၁၆ တပ်ရင်းများနှင့် ယခုဧပြီလပထမအပတ်တွင်း၌ရောက်လာသည့် တပ်မ၆၆ လက်အောက်ခံ ခလရ ၈၀ တပ်ရင်းများရှိနေသည်ဟု ကရင်နီပူးပေါင်းတပ်များထံမှ သိရသည်။
အဆိုပါစစ်ကောင်စီတပ်ရင်းများကို ကရင်နီတပ်မတော် KA ၊ KNDF B/10 ၊ B/05၊ B/06 ၊ B/01 ၊ B/16 ၊B/15 ၊KNDF ETD ၊ လွိုင်ကော် PDF နှင့်အခြားကရင်နီပူးပေါင်းတပ်များက စုပေါင်းတိုက်ခိုက်နေသည်ဟု သိရသည်။
ပုံစာ – ယခုဧပြီလ တတိယအပတ်တွင်း ဒီးမော့ဆိုအရှေ့ခြမ်း တိုက်ပွဲတွင် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ ။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.com/?p=3641
Website ->https://eng.thanlwinkhet.net