Saw Smith
ဧပြီ ၂၀ ၊ ၂၀၂၃ ။
စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ် မြကန်ကျေးရွာတွင် စစ်ကောင်စီတပ်စစ်ကြောင်း သုံးဖွဲ့ကဝိုင်းညှပ်ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ကာကွယ်ရေးရဲဘော်၅ ဦးကျဆုံးပြီး ရဲဘော်၅ဦး ပျောက်ဆုံးနေသည်ဟု Armed Revolutionary Force-KU တာဝန်ရှိသူက သံလွင်ခက်ကို ပြောသည်။
ယမန်နေ့ ဧပြီ ၁၉ရက်၊နံနက်အစောပိုင်းတွင် ရေဦးမြို့နယ်မှ စစ်ကြောင်းထိုးလာသည့် စစ်ကြောင်းသည် ခင်ဦးနယ်အနောက်ခြမ်း ရွာသစ်ကုန်းပျူရွာရှိ စစ်ကြောင်း၊ ရေဦး–ခင်ဦး ကားလမ်းပေါ်ရှိ မူးတိမ်ချောင်းတံတား၌ အထိုင်ချနေသော စစ်ကြောင်းတို့နှင့် ပူးပေါင်း၍ အင်အား၁၀၀ ကျော်ဖြင့် မြကန်ကျေးရွာအတွင်းလက်နက်များပစ်ခတ်ပြီးဝင်ရောက်ခဲ့သည်။
အဆိုပါမြကန်ကျေးရွာသည် ရွာသစ်ကုန်းပျူစောထီးရွာ အရှေ့တောင်ဘက် ပေ(၅၀၀၀) ခန့်သာ ဝေးသော ခင်ဦး–မုံရွာရထားသံလမ်းဘေးတွင်ရှိပြီး စစ်ကောင်စီတပ်ပူးပေါင်းစစ်ကြောင်းက နံနက် ၈ နာရီခန့်တွင် စစ်ကြောင်းထိုးဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
” ကိုယ့်ဘက်ကအရင်ဦးအောင် မိုင်းဆွဲလိုက်နိုင်ပေမယ့် သူတို့ဘက်က သုံးဖွဲ့က ဝိုင်းပြီးညှပ်ပစ်တယ်။ ကိုယ့်ဘက်ကပြန်ပစ်ရင်းနဲ့ ရဲဘော်တွေပြန်ဆုတ်တာ။ ဆုတ်လမ်းတစ်ခုကို ဖွင့်ထားပေမယ့် ကွင်းပြင်ကြီးဖြစ်နေတော့ မဆုတ်သာခဲ့တာဖြစ်ပါတယ် “ဟု ခင်ဦးမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံက ပြောသည်။
စစ်ကောင်စီတပ်စစ်ကြောင်းဝိုင်းညှပ်၍ပစ်ခတ်မှုကြောင့် ရဲဘော်တရုတ်ကြီး၊ ရဲဘော်မိုးဟိန်း၊ ရဲဘော်ဖိုးကျော်၊ရဲဘော်ကိုနောင်၊ ရဲဘော်ကျော်နိုင်တို့ကျဆုံးခဲ့သည်။ ကျဆုံးရဲဘော်များသည် အပြန်အလှန်ပစ်ခတ်မှု၌ ကျဆုံးခဲ့ကြရသလို စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခံရပြီး နှိပ်စက်၍အနီးကပ်ပစ်ခတ်ထားသည့် အနေအထားဖြင့်အလောင်းများကိုတွေ့ရှိရသည်ဟု ၎င်းကပြောသည်။
စစ်ကောင်စီတပ်စစ်ကြောင်းများ ပိတ်ဆို့ပစ်ခတ်မှုတွင်ကာကွယ်ရေးရဲဘော်၅ဦးကျဆုံးခဲ့သည့်အပြင် ကျန်ရဲဘော်၅ဦးလည်း ပျောက်ဆုံးနေပြီး လက်နက်၃လက်လည်းဆုံးရှုံးခဲ့ရသည်ဟု သိရသည်။
လက်ရှိတွင်စစ်ကောင်စီတပ်စစ်ကြောင်းသည် ခင်ဦးမြို့နယ်မှရွှေဘိုမြို့နယ်အတွင်းသို့ရောက်ရှိသွားပြီးပျောက်ဆုံးနေသောရဲဘော်၅ဦးမှာလည်းယနေ့ နေ့လည်ပိုင်းထိအဆက်အသွယ်မရသေးကြောင်းနှင့် ရဲဘော်များမှာစစ်ကြောင်းနှင့်အတူ ဖမ်းဆီးခံလိုက်ရနိုင်သည်ဟု ယူဆကြောင်း Armed Revolutionary Force-KU တာဝန်ရှိသူကသံလွင်ခက်ကိုပြောသည်။
ပုံစာ–စစ်ကြောင်းထိုးလာမှုကြောင့် ခင်ဦးဒေသခံများယမန်နေ့၌ ထွက်ပြေးနေရမှု။
ဓာတ်ပုံ–ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.com/?p=3675
Website ->https://eng.thanlwinkhet.net