သံလွင်ခက်။
ဧပြီ ၂၁၊ ၂၀၂၃။
ဖမ်းဆီးထိန်းသိမ်းခံထားရသည့် စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပင်မသပိတ်အဖွဲ့ဝင်များ၏ နေအိမ်များကို စစ်ကောင်စီက စက်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
သပိတ်အဖွဲ့ဝင်များ၏ နေအိမ်များကို စစ်ကောင်စီက ချိပ်ပိတ်သိမ်းပြီးနောက် ဧပြီ ၁၉ ရက်နှင့် ၂၀ ရက်များတွင် ဖြိုချဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ကလေးမြို့ဒေသခံတစ်ဦးက “ ၁၉ရက်နေ့ကနေ စဖျက်တာ။ တောင်ဖီလာရပ်ကွက်က တစ်လုံး၊ အောင်သစ္စာရပ်ကွက်က တစ်လုံး၊ အောင်မြေမာန်ရပ်ကွပ်ကတစ်လုံး၊ ပင်လုံရပ်ကွက်က တစ်လုံးကို စက်တွေနဲ့ အကုန်ထိုးချသွားတာ ” ဟု ဆိုသည်။
နေအိမ်များကို ဖြိုချဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သည့်အပြင် ဖမ်းဆီးခံ သပိတ်အဖွဲ့ဝင် အမျိုးသမီးနှစ်ဦး၊အမျိုးသားတစ်ဦး၏ မိသားစုဝင်များကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားသည်ဟုဒေသခံများက ပြောသည်။
ကလေးမြို့ ပင်မ သပိတ်အဖွဲ့ဝင်များဖြစ်သည့် ကိုသန်းစိုးဦး၊ မကျိန်ဒွန့်ကိမ်၊ မနှင်းစံနှင့် ကိုမျိုးကိုဝင်းတို့သည် ပြီးခဲ့သည့် ဧပြီလ ၁၆ ရက်တွင် ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်ရှိ ဗိုလ်ချုပ်လမ်းပေါ်၌ အတာသပိတ်လုပ်ရန် လူစုနေချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်ဖမ်းဆီးမှုကို ခံခဲ့ရခြင်းဖြစ်သည်။
အာဏာသိမ်းချိန်ကစပြီး စစ်အာဏာရှင် ဆန့်ကျင်ကြောင်း နေ့စဉ် ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြသည့် ကလေးမြို့ပင်မ သပိတ်အဖွဲ့သည် အဖွဲ့ဝင်များ ဖမ်းဆီးခံရသော်လည်း ဧပြီလ ၁၇ ရက်တွင် ရက် ၈၀၀ ပြည့်နှင့်အတူ ကန့်ဘလူ၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း သေဆုံးခဲ့သူများအတွက် ရည်ရွယ်ပြီး စစ်အာဏာရှင်ကျဆုံးရေး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့ထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၁၄၆၇) ဦးရှိပြီးယင်းထဲမှ (၁၇၅၆၃) ဦးသည် ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၅၆၄၂) ဦးသည်ထောင်ဒဏ်ချမှတ်ခံထားရသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားသည်။
ပုံစာ – ဖြိုချဖျက်ဆီးခံရသည့် နေအိမ်များမြင်ကွင်း။
Photo – Cj
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.com/?p=3697
Website ->https://eng.thanlwinkhet.net