သံလွင်ခက်။
ဧပြီ ၂၂ ၊ ၂၀၂၃။
စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းမှ အမျိုးသားနှစ်ဦးလက်နက်ကြီးထိမှန် သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။
ယမန်နေ့ ဧပြီ ၂၁ ရက်နေ့တွင် ကလေးမြို့ပေါ်ရှိ စစ်ကောင်စီတပ်မှ ပစ်လိုက်သည့် လက်နက်ကြီးသည် ကလေးမြို့နယ် တောင်ပိုင်း ထိုမာရွာနှင့် ချင်းဆိုင်ရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ဒေသခံ အမျိုးသား ၂ ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။
ဒေသခံတစ်ဦးက ” ထိုမာ ရွာသားတစ်ဦးက ကျေးရွာအတွင်းမှာ ပန်းရံလုပ်နေတဲ့ချိန် လက်နက်ကြီး ထိမှန်ပြီးသေဆုံးခဲ့တာ၊ ချင်းဆိုင်ရွာသားတစ်ဦးကတော့ နေအိမ်မှာပဲ လက်နက်ကြီး ထိမှန်သေဆုံးခဲ့တာ ” ဟုဆိုသည်။
ကလေးမြို့နှင့် ၇ မိုင်အကွာဝေးရှိသည့် အဆိုပါ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒေသကွပ်ကဲရေးစစ်ဌာနချုပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူများသည် သာမန်အရပ်သားပြည်သူများသာဖြစ်သည်ဟု ဒေသခံများက ပြောသည်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ထိုမာရွာနှင့် ချင်းဆိုင်ရွာမှ အမျိုးသား ၂ ဦး သေဆုံးခဲ့သည့်အပြင်ဒေသခံ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အဆိုပါ ဒဏ်ရာရရှိသူများထဲမှ တစ်ဦးသည် အသက် အန္တရာယ်စိုးရိမ်ရသည်ဟု ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဧပြီ ၁၉ ရက်နှင့် ၂၀ ရက်များတွင်လည်း ဖမ်းဆီးခံထားရသည့် ကလေးမြို့ ပင်မသပိတ် သပိတ်အဖွဲ့ဝင်များ၏ နေအိမ်များကို စစ်ကောင်စီက ဖြိုချဖျက်ဆီးခဲ့ပြီး ၎င်းတို့၏ မိသားစုဝင်တချို့ကိုလည်း ဖမ်းဆီးမှုများလုပ်ဆောင်ခဲ့သည်။
အာဏာသိမ်းမှုအလွန် တိုက်ပွဲနှင့် လက်နက်ကိုင် ပဋိပက္ခအတွင်း သေဆုံးခဲ့ရသည့် အရပ်သား ၁၈၁၀ ဦးထက်မနည်းရှိသည်ဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု ISP – Myanmar ကထုတ်ပြန်ထားသည်။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/766
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.com/?p=3735
Website ->https://eng.thanlwinkhet.net