ယမင်းဖူးပွင့်အောင်
ဧပြီ ၂၂၊ ၂၀၂၃။
မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေပြည်တော် ၊လယ်ဝေးမြို့က ပြည်သူ ရှစ် ဦးခန့်သေဆုံးပြီး လူနေအိမ်များ ပျက်စီးကာ ယနေ့ချိန်ထိ ပျောက်ဆုံးမှုများ ရှိနေဆဲ ဖြစ်သည်ဟု လူမှုကူညီရေးဆောင်ရွက်နေသူများက ပြောသည်။
လယ်ဝေး လူမှုကူညီရေးအသင်း ဥက္ကဌ ဦးထက်ပိုင်စိုးက “ထပ်တိုးသေဆုံးဦးရေနဲ့ ပျောက်ဆုံးနေတာတွေ လည်းရှိတယ်လို့တော့ပြောတယ်။ အတိအကျတော့ မသိရသေးဘူး” ဟု သံလွင်ခက်ကို ပြောသည်။
ဧပြီလ ၂၁ ရက်နေ့ ညနေ ၇ နာရီခန့်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေပြည်တော်၊ လယ်ဝေးမြို့နယ် ရွှေဟင်္သာကျေးရွာအုပ်စု၊ တံတားဦးကျေးရွာနှင့် ကံသာကျေးရွာအုပ်စု အပါအဝင် အောင်မြင်ကုန်းကျေးရွာတို့မှ သေဆုံးသူ၈ ဦးအထိရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀၉ ဦးနှင့် လူနေအိမ်ပျက်စီးဆုံးရှုံးမှု ၂၃၂ လုံး ရှိခဲ့သည်ဟုကူညီသူများကပြောသည်။
မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် တံတားဦးကျေးရွာမှ အမျိုးသမီး နှစ်ဦးသေဆုံးပြီး ၄၈ ဦးထိခိုက်ဒဏ်ရာရရှိကာ အောင်မြင်ကုန်းကျေးရွာက အမျိုးသားနှစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၆၁ ဦး ရှိသည်ဟု ဖော်ပြထားသည်။
ထိခိုက်ဒဏ်ရာရရှိသူများကို လယ်ဝေးမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်နှင့် ဒက္ခိဏမြို့နယ်ရှိ ဆေးရုံတို့တွင် ဆေးကုသမှုပြုလုပ်နေသည်ဟု လူမှုကူညီရေးဆောင်ရွက်ခဲ့သူများက ပြောသည်။
ယမန်နေ့က လယ်ဝေးမြို့နယ်တွင် တိုက်ခတ်ခဲ့သည့် လေဆင်နှာမောင်းသည် ခန့်မှန်းရရှိသည့် လေတိုက်နှုန်းများအရ EF (Enhanced Fujita) စကေး ၀ မှ ၁ အဆင့်မျှသာရှိနိုင်ပြီး လေဆင်နှာမောင်းအကြီးစားမျိုး မဟုတ်ဟုမိုးလေဝသပညာရှင် ဦးဝင်းနိုင်က သုံးသပ်ထားသည်။ EF စကေး အဆင့် ၁ မှ ၂ ထိ အဆင့်ဖြစ်မည်ဆိုပါက ယခုထက် ပို၍ပျက်စီးဆုံးရှုံးနိုင်ပြီး အသေအပျောက်လည်း ယခုထက် ပိုမိုများပြားလာနိုင်သည်ဟု ၎င်းက သုံးသပ်သည်။
ယနေ့ညနေပိုင်းတွင်လည်း မန္တလေးတိုင်း၌ လေပြင်းကျရောက်နိုင်သည့် အခြေအနေများရှိနေသဖြင့် ပြည်သူများသတိထားကြရန်လိုအပ်သည်ဟု ဦးဝင်းနိုင်က သတိပေးပြောဆိုထားသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်တွင်လည်း ယမန်နေ့ညနေ ငါးနာရီခန့်က မိုးသည်းထန်းစွာရွာသွန်းပြီးလေပြင်းတိုက်ခတ်သောကြောင့် ချင်းတွင်းမြစ်အနောက်ဘက်ကမ်း ကျေးရွာ ရှစ်ရွာမှ လူနေအိမ် ၁၅၀ ခန့် ပျက်စီးခဲ့သည်ဟု ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစု မှ ကိုပြည့်အောင်နိုင်က သံလွင်ခက်ကိုပြောသည်။
“ကနီနယ်တစ်နယ်လုံးတိုက်တာတော့ မဟုတ်ဘူး တစ်ချို့နေရာတွေ ကွင်းဝိုက်ပြီး တိုက်တဲ့ပုံစံပေါ့။ အညာဒေသဘက်ဆိုတာ စစ်ရေးကလည်းပူရတယ်။ သဘာဝပတ်ဝန်းကျင်လဲပူရတယ်။” ဟု ပြောသည်။
လေပြင်းတိုက်ခတ်မှုကြောင့် နွားသုံးကောင် သစ်ပင်ပိ၍ သေဆုံးခဲ့သည်ဟု ၎င်းကဆက်ပြောသည်။ ထို့ပြင်ရှမ်းပြည်နယ် ဆီဆိုင်မြို့နယ်၊ ကရင်နီပြည်နယ် ဒီမော့ဆိုအနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်းအနီးတွင်လည်းယမန်နေ့က မိုးသီးကြွေခြင်းများဖြစ်ပေါ်ခဲ့သည်။
Video – Crd (လယ်ဝေးမြို့တွင် လေဆင်နှာမောင်းတိုက်ခတ်သည့်မြင်ကွင်း)
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/771
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.com/?p=3743
Website ->https://eng.thanlwinkhet.net