သံလွင်ခက်။
ဧပြီ ၂၂ ၊၂၀၂၃။
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ နယ်မြေဖြစ်သည့် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် ညောင်ကုန်းကျေးရွာအနီးတွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ယနေ့ ဧပြီလ ၂၂ ရက် မနက် ၄နာရီခွဲအချိန်တွင် ညောင်ကုန်းကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီက လေယာဉ် ၂ စီးဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ကျောက်ကြီးမြို့ခံတစ်ဦးက သံလွင်ခက်သတင်းဌာနကို ပြောသည်။
၎င်းက ” တိုက်ပွဲဖြစ်တာကတော့ မနက် ၄ နာရီခွဲလောက်ကစပြီး မိုးလင်းတဲ့အထိပဲ။ ပြီးမှ ၇နာရီခွဲမှာဂျက်လေယာဉ်တစ်စီးနဲ့ ပတ်ပြီး လေးကြိမ်ပစ်တယ် ။နောက်တစ်စီးထပ်လာတယ် လေးကြိမ်ထပ်ပစ်တယ်။ ၂ စီးဆိုတော့ ရှစ်ကြိမ်လာပစ်သွားတာ “ဟု ဆိုသည်။
လေကြောင်းဖြင့် လာရောက်ပစ်ပြီးနောက် သံလွင်ခက်သတင်းဌာနက ဆက်သွယ်မေးမြန်းသည့် ညနေ ၃ နာရီခွဲအချိန်ထိ တိုက်ပွဲဖြစ်ပွားရာ နောင်ကုန်း၊ ညောင်ကုန်းနှင့် ရန်မျိုးအောင် စသည့်ကျေးရွာအနီးတစ်ဝိုက်ကို စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်နေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
၎င်းက ” ကျောက်ကြီးဘက်ကနေ လှမ်းထုတယ် ။လက်နက်ကြီးတွေနဲ့ နတ်သံကွင်းဘက်ကနေ လှမ်းထုနေတာ။အဲ့အနီးနားမှာပဲကျတယ် အခုအထိ ပစ်နေတုန်းပဲ။ နှစ်ဖက်ကနေ ညှပ်ပြီး လက်နက်ကြီးတွေနဲ့ပစ်နေတာ “ဟုဆိုသည်။
နောင်ကုန်း၊ ညောင်ကုန်းနှင့် ရန်မျိုးအောင် ကျေးရွာများမှ ဒေသခံများသည် စစ်ဘေးတိမ်းရှောင်နေရသည်မှာ ၈ လကျော်ကြာရှိနေသည့်အတွက်တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုအခြေနေများကို မသိရှိရသေးသော်လည်းလူနာတင်ယာဉ် ၁၀ စီးထက်မနည်း ကျောက်ကြီး – နတ်သံကွင်းလမ်းအတိုင်း ဖြတ်သန်းသွားလာနေသည်ဟုမျက်မြင်တွေ့ခဲ့ရသူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဧပြီ ၁၁ ရက်နေ့တွင် ကျောက်ကြီးမြို့နယ် ဘောကထာ စစ်ကောင်စီတပ်စခန်းမှ ပစ်လိုက်သည့်လက်နက်ကြီးများသည် မဘီလေးကျေးရွာနှင့် ငဖယ်အင်း ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သည့်အတွက်နေအိမ်တချို့ပျက်စီးခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။
ပုံစာ – စစ်ကောင်စီ တိုက်ခိုက်ရေး လေယာဉ် နှစ်စီး / ပုံ – အဟောင်း
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/776
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.com/?p=3751
Website ->https://eng.thanlwinkhet.net